Myanmar Calendar

Monday, October 3, 2011

မရည်ရွယ်ဘဲ ဖြစ်ခဲ့သောဝဋ်

“ မောနင်း..... သက်ထား ”

“ မောနင်းပါ ------ ကိုဇော် ”

“ သက်ထားကြည့်ရတာ နေမကောင်းဘူးထင်တယ်။ နေမကောင်းရင်လည်း အိမ်ပြန်နားလိုက်ပါလား သက်ထား။ သက်ထားအလုပ်တွေကို ကူလုပ်ထားပေမယ်လေ ”


“ ရပါတယ်။ ကိုဇော် ... သက်ထားဘာမှမဖြစ်ပါဘူး ။”

ကိုဇော် စိတ်ပူမယ်ဆိုလို့သာ ဘာမှမဖြစ်ဘူးဆိုပြီး အခန်းထဲသို့ ဇွတ်အတင်းဝင်လာပေမယ့် သက်ထား ခေါင်း ထဲမှာ ရီဝေေ၀ ဖြစ်နေတယ်။ အခုတလော အိပ်ရေးပျက်တာ များလို့ ထင်ပါရဲ့။ အခုတလော သက်ထား ည ရောက်မှာကို ကြောက်နေတယ်။ ညရောက်ရင် အိပ်မက်မက်မယ်။ အိပ်မက်မက်ရင် သက်ထား မသိတဲ့၊ သက်ထား အရမ်းကြောက်တဲ့ မျက်လုံးစိမ်းစိမ်းကို မြင်မယ်လေ။ 

လူက အိပ်ရေးမ၀တော့ သိပ်မရွှင်လန်းဘူး ဖြစ်နေတယ်။ အလုပ်လုပ်ရတာလဲ စိတ်မပါ။ တမှိုင် မှိုင် ဖြစ်နေတော့ သက်ထားကို သတိထားမိသူတွေကတော့ သက်ထားရဲ့ သူငယ်ချင်း မေဦးရယ်၊ ကိုဇော် ရယ်ပါဘဲ။ 

သက်ထားကို ခဏခဏလှမ်းကြည့်နေတဲ့ ကိုဇော်မျက်လုံးတွေကြောင့်ဘဲ မေဦးက သက်ထား အနားကို လာပြီး “သက်ထား ...... ဘာဖြစ်နေတာလဲ။ ညက အိပ်ရေးမ၀ဘူး ထင်တယ်။ သက်ထား နေများ မကောင်းဘူးလား။ အခက်အခဲရှိရင်လည်း မေဦးတို့ကို ပြောပြပါလား။ မေဦးနဲ့ ကိုဇော်တို့ တတ်နိုင်သလောက် ဖြေရှင်းပေးနိုင်တာပေါ့ နော် သက်ထား။ ဘာဖြစ်နေတယ် ဆိုတာ ပြောပြပါ။ ”

မေဦးက သက်ထားက မေးနေပြီ။ မေဦးကို ပြောပြရမလား။ မပြောပြသင့်ဘူးလား။ သက်ထားရဲ့ အိပ်မက် အကြောင်း။ ပြောပြရင်ကော မေဦးတို့က ယုံပါ့မလား။ သက်ထား ခဏတော့ စဉ်းစားတယ်။ အင်း...... တစ်ယောက်ထဲ ခံစားနေရတာထက်စာရင် တစ်ဦးတစ်ယောက်ကို ရင်ဖွင့်လိုက်တာမှ အကူအညီရအုံး မှာပါ လေ ဆိုပြီး သက်ထား... မေဦး ကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။

“ မေဦး.... သက်ထားလေ အခုတလော အိပ်မက်တွေ မက်တယ်။ အိပ်မက်ထဲမှာလည်း အရမ်းထူးဆန်းတဲ့ အကောင်တစ်ကောင်က သက်ထားကို စကားတွေပြောတယ်။ ပြီးတော့ မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်တယ်.. မေဦး ။ သက်ထား....... အရမ်းကြောက်တာပဲ။ ”

သက်ထား စကားစ ရပ်လိုက်တော့ “ မေဦးနဲ့ ကိုဇော်က သက်ထားကို စိတ်ဝင်တစားကြည့်ပြီး ... ဆက်ပြောလေ သက်ထား။ အဲ့အကောင်က ဘာတွေပြောလဲ။ ဘာကြောင့် သက်ထားက ဒီလောက် ကြောက်နေတာလဲ ”

သက်ထား စကား ဆက်ပြောလိုက်တယ်။ အိပ်မက်ထဲမှာ သက်ထားကို အကောင်ကြီး တစ်ကောင်ပေါ့။ ဘာအကောင်မှန်းလည်း သေချာမမြင်ရပေမယ့် အဲ့အကောင်ရဲ့ လည်ပင်းမှာ ဆွဲကြိုးပုံစံ အရစ်အကြီးကြီး ရှိတယ်။ ပြီးတော့ အဲ့အကောင်က သက်ထား ကို “ ညည်းငါ့သွေးသားကို သတ်တယ်။ ညည်းလည်း တစ်နေ့ ပြန်ခံစားရမယ်တဲ့ ” အိပ်မက်တိုင်းလဲ ဒီအိပ်မက်ဘဲ မက်တယ်။ ညစဉ်ညတိုင်းဆိုတော့ သက်ထား ကြောက်တယ်။ အိပ်ရမှာကိုတောင် ကြောက်လာတယ်။

သက်ထား စကားဆုံးတော့ ကိုဇော်နဲ့ မေဦး တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကိုဇော်က “သက်ထား ဇာတ်လမ်းတွေများ ကြည့်လား။ ဒါမှမဟုတ် ၀တ္တူစာအုပ်တွေ ဖတ်သလား။ ” လို့ သက်ထား ကို မေးတယ်။ သက်ထားကတော့ ခေါင်းသာ ခါပြလိုက်တယ်။

တစ်ရက်တစ်ခြား သက်ထား ပိန်လာတော့ ကိုဇော်နဲ့ မေဦးတို့ကလည်း သက်ထားကို စိတ်ရောဂါ ဆိုပြီး ပြောကျတယ်။  သက်ထားကို ဘယ်လိုဖြောင့်ဖျပေမယ့် မရတော့မဆုံမှာတော့ မေဦးတို့အိမ်က ကိုးကွယ်နေတဲ့ ဆရာတော် တစ်ပါးဆီကို သက်ထားကို ခေါ်သွားတယ်။

ဆရာတော်ဆီရောက်တော့ ဆရာတော်ဘုရားက “ ဘုန်းဘုန်းဆီ လာကြပြီလားကွဲ့၊ ဘုန်းဘုန်းက  မျှော်နေ တာလို့ ” ပြောလိုက်တာနဲ့ သက်ထားလည်း တအံတသြနဲ့ ဆရာတော်ဘုရားကို ကြည့်လိုက်တယ်။ ဆရာတော် ဘုရားကတော့ သက်ထားကို ပြုံးပြပြီ “ ဘာမှ စိတ်မပူပါနဲ့ ဒကာမ အားလုံးပြီးဆုံးသွားမှာပါတဲ့။  ”

သက်ထားတို့က မသိတော့ မေဦးကဘဲ “ ဆရာတော်ဘုရား ဘာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ ဆရာတော် ဘုရားသိပါသလား ဘုရား။ သိရင်လဲ တပည့်တော်မတို့ကို အကြောင်းစုံ ပြောပြနိုင်မလား ဘုရား၊ တပည့်တော်မရဲ့ သူငယ်ချင်း သက်ထားမှာလည်း ဒီစိတ်ကြောင့်ဘဲ အခုဆို အိပ်ရမှာကိုတောင် ကြောက်နေ ပါပြီ ဘုရား။ ”

ဆရာတော်ဘုရားက “ဒကာမ သက်ထား က လွန်ခဲ့တဲ့ ခြောက်လလောက်က ကိုယ်ဝန်ရှိတဲ့ ကြောင်မကို သတ်ခဲ့သလား။ မတော်တဆတော်လည်းကောင်း၊ ရည်၇ွယ်ပြီးသော်လည်းကောင်း သတ်ခဲ့ပါသလား ဒကာမ”

သက်ထားကတော့ “ မသတ်ခဲ့ပါဘူး ဘုရား။ တပည့်တော်မ ဘယ်သတ္တ၀ါကိုမှ မသတ်ခဲ့ပါဘူး။ ဒါပေမယ့် တခါ ကတော့ ကြောင် တစ်ကောင်ကို ကြောက်လန့်အောင်တော့ ခြောက်လှန့်ခဲ့ဖူးပါတယ် ဘုရား။ ”

ဆရာတော်ဘုရားက “ ဖြစ်နိုင်ပါလိမ့်မယ်။ ဆရာတော်ဘုရား မြင်နေတာတော့ ဒကာမက ကြောင်ကို ကြိုးနဲ့ လည်ပင်းကို စွတ်ပြီး သေစေခဲ့တယ်။ ဒါကြောင့် သူက မကျေနပ်လို့ သူက ဒကာမကို  ပြောဆိုနေတာ ဖြစ်ပါလိမ့်မယ်။ ဒကာမ စဉ်းစားပါအုံး။ ”

ဆရာတော်ဘုရား ပြောမှဘဲ သက်ထား စဉ်းစားမိတော့တယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က သက်ထားတို့ အိမ်ကို ကြောင်မ တစ်ကောင်လာတယ်။ အဲ့ကြောင်မက သက်ထားတို့ ချက်ထားတဲ့ ဟင်းတွေကို လာလာခိုး စားလွန်းလို့ သက်ထားက ခဏခဏ ကြိမ်းမောင်းနေရတယ်။ တရက်မှာတော့ သက်ထားချက်ထားတဲ့ ငါးကြော်ကို ခိုးစားလို့ဆိုပြီး သက်ထား ကြောင်ကို ကြိုးနဲ့ ချီပြီး ရေစဉ်မှာတော့ ချည်ထားမိတယ်။ နောက်ရက်တွေမှာတော့ ကြောင်မ ပျောက်သွားတယ်။ သက်ထားလည်း အမှတ်တမဲ့မို့ ဒီတိုင်းထားလိုက်တာ။ အခုတော့ အဲ့ကြောင်မများ ဖြစ်နေမလား မသိဘူး။

သက်ထား စဉ်းစားမိသည်များကို ဆရာတော်ဘုရားအား လျှောက်တော့ “ ဟုတ်ပါလိမ့် ဒကာမ။ ဒကာမက ရည်ရွယ်ပြီး သတ်ခဲ့တာမဟုတ်ပေမယ့် ကြောင်တွေရဲ့ အစွဲ့ ဒကာမဆီရောက်နေ့လို့ ဖြစ်ပါလိမ့်မယ်။ ဒကာမ အမျှဝေပါ။ ဘုရား၊ တရားများများလုပ်ပါ။ အချိန်တန်ရင်တော့ ပျောက်သွားပါလိမ့်မယ် ဒကာမ ”

ဆရာတော်ဘုရားဆီက ပြန်လာကတည်းက သက်ထား အားနေရင် အမျှဝေတယ်။ ဘုရား၊ တရားလုပ်တယ်။ ဘယ်သတ္တ၀ါကိုမှလည်း ခြောက်လှန့်ခြင်း မလုပ်တော့ဘူး။ အချိန်ကြာလာတော့ သက်ထားကြောက်တဲ့ မျက်လုံးစိမ်းကိုလည်း အိပ်မက်မမက်တော့ဘူး။

ဒီလိုနဲ့ နှစ်တွေကြာတော့ သက်ထား ကိုဇော်နဲ့ အိမ်ထောင်ပြုခဲ့တယ်။ အိမ်ထောင်ပြုပြီး ကလေးလေး မွေးတော့ သက်ထားတို့ရဲ့ ကလေးလေး လည်ပင်းမှာ သက်ထား အိပ်မက်မက်ခဲ့သလိုဘဲ အရစ်အကြီးကြီး တစ်ခုပါလာခဲ့တယ်။






No comments:

Post a Comment