Myanmar Calendar

Wednesday, April 25, 2012

မရှိမှ မတမ်းတနဲ့ ရှိတုန်းသာ ပြုစုကြပါ

လှိုင်းလုံးလေးတွေ တဖြေးဖြေးနဲ့ ကျမအနားကို ပြေးလွှားလာခဲ့တဲ့အခါ ကျမ စိတ်တွေကြည်နူးခဲ့သလို တရွှေ့ရွှေ့နဲ့  ပြန်လည် ထွက်ခွာ သွား တော့လည်း  ကျမ စိတ်တွေ နှမြောသလိုလို ဖြစ်ခဲ့ပါတယ်။ ဒီလိုခံစားမှုမျိုး ကျမ ကြုံရမှာပါလားဆိုတဲ့ အတွေးမျိုး  မရှိခဲ့ပေမယ့် အခုတော့ ကျမ ကိုယ်တိုင်၊ ကိုယ်ကျ ကြုံခဲ့ရပြီလေ။

 

ကျမမှာ ဖေဖေရယ်၊ မေမေရယ်၊ ကိုကို (၂)ယောက်ရှိတယ်။ ကျမတို့မိသားစုကလေးက အမြဲ ပျော်ရွှင်ခဲ့ပါတယ်။

ကျမတို့ ငယ်ငယ်ကတည်းက အပျှော်ခရီးထွက်တိုင်း မေမေက ကျမတို့ကို ကမ်းခြေသွားရအောင်ဘဲ အမြဲပြောခဲ့တယ်။ အမေပြောတိုင်းလည်း ကျမတို့ ကမ်းခြေကိုဘဲ ခရီးထွက်ခွာလာတတ်ကျပါတယ်။ ကမ်းခြေကို ရောက်တိုင်း ကျမ၊ ဖေဖေ၊ ကိုကို တို့က  လှိုင်းတွေကို စီးပြီး ပျော်ရွှင်ခဲ့ပေမယ့် ကျမ မေမေကတော့ ကမ်းခြေမှာ ခြေစုံရပ်ပြီး လှိုင်းကတွေ သူ့ဆီကို ၀င်လာ လိုက်၊ ပြန်ထွက်သွားလိုက် ဖြစ်နေတာကို သဘောတကျနဲ့ ပြုံးပြီး ကြည့်တတ်ခဲ့တယ်။ ဒါပေမယ့် အမေရဲ့ မျက်ဝန်းမှာ လှိုင်း  တွေပြန်ထွက်သွားတိုင်း ၀မ်းနည်းတတ်တဲ့ ခံစားချက်ကို မသိခဲ့ဘူး။


မေမေကို ကျမက  “ မေမေက ဘာလို့ လှိုင်းမစီးတာလဲ၊ ရေကြောက်လို့လား ” လို့ မေးတိုင်း မေမေက ကျမ ခေါင်းလေးကို ဖွဖွလေးကိုင်ပြီး မေမေ ငယ်ငယ်ကတော့ လှိုင်းတွေကို နှစ်သက်တယ်။ လှိုင်းစီးရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် မေမေ အခုအသက်အရွယ်မှာတော့ လှိုင်းကလေးတွေ ပြေးဝင်လာတဲ့ ကမ်းခြေကြီးကိုဘဲ သဘောကျတယ်။ မေမေက ကမ်းခြေ ကြီးလိုဘဲ ဖြစ်ချင်တော့တယ်တဲ့။


ဒီလိုနဲ့ ကျမတို့မောင်နမတွေ ကြီးလာချိန်မှာတော့ ကိုကို (၂)ယောက်က အိမ်ထောင်ကိုယ်စီ ဖြစ်သွားခဲ့တယ်။ အိမ်မှာ ဖေဖေရယ်၊ မေမေရယ်၊ ကျမရယ်ဘဲ ကျန်ခဲ့တာပေါ့။ ကိုကိုတို့မိသားစုတွေ အိမ်ကိုလာတိုင်း မေမေက ပြုံးပျှော် တတ်သလို၊ မမောနိုင်ဘဲ စားစရာတွေကို တစ်မျိုးပြီး တစ်မျိုး ချက်ကျွေးတတ်တယ်။ ဒါပေမယ့် ကိုကိုတို့   ပြန်သွား တိုင်း မေမေ မျက်ဝန်းတွေက ညှိုးငယ်နေတာကို သတိထားမိတယ်။ ပိတ်ရက်တွေမှာဆိုလည်း ကိုကိုတို့ဆီ ဖုန်းဆက်ပြီး  သားတို့ လာမှာလား၊ မေမေ ဘာချက်ထားပေးရမလဲဆိုတဲ့ မေးသံတွေကို ကျမ ကြားခဲ့ရတယ်။


တစ်နေ့မှာတော့ ကျမတို့ သုံးယောက်ဘဲရှိတဲ့အိမ်မှာ ဖေဖေက ထပ်ထွက်ခွာသွားပြန်ပါတယ်။ လောကကြီးကို ခွဲခွာ သွား တယ်။ ကျမကလည်း အလုပ်ဝင်ချိန်မှာတော့ အိမ်မှာ မေမေ တယောက်ထဲ။ ကျမ အလုပ်ပြန်လာချိန်တိုင်း မေမေက သမီး အလုပ်မှာ အဆင်ပြေရဲ့လား။ အလုပ်အခြေအနေက ဘယ်လိုဖြစ်သလဲ။ ဘာလဲဆိုတဲ့ မေမေရဲ့ မေးသံလေးတွေကို ကြားခဲ့ ရတယ်။


အဲ့ဒီတုန်းကတော့ မေမေ တယောက်ထဲ အိမ်မှာရှိနေချိန်မှာ စကားပြောဖော် လိုအပ်နေသလား။ သား/သမီးတွေ အလုပ်မှာ ပြေလည်ဖို့ကို မေမေ စိတ်ပူနေသလား။ သား/သမီးတွေနဲ့ မေမေက အမြဲ အတူရှိချင်ခဲ့တဲ့ စိတ်တွေ။ သား/သမီး အလုပ်ပြန်ချိန်ကိုဘဲ နာရီတကြည့်ကြည့်နဲ့ မျှော်တတ်တဲ့ မေမေရဲ့ အပြုအမှုတွေ။ သား/သမီးတွေ ပြန်လာရင်လဲ သူနဲ့ တူတူ အဆိုး၊ အကောင်းကို မျှဝေ ခံစား၊ နားထောင်ပေးချင်စေတဲ့ မေမေရဲ့ ဆန္ဒတွေ၊ သား/သမီး မျက်နှာညှိုးရင် ကိုယ့်သား/ သမီး ထပ် ပိုပူလောင်ရတဲ့ မေမေ အတွေးတွေ အစရှိတဲ့ မေမေရဲ့ အတွေးပေါင်းများစွာကို တချက်လေးတောင် မတွေးမိခဲ့ဖူးဘူး။


ကိုယ့်အလည့်မှာသာ မေမေက ကမ်းခြေဖြစ်ချင်ခဲ့တဲ့ စိတ်တွေကို သိခဲ့တယ်။ ဒါပေမယ့် မေမေက မရှိတော့ဘူး။


“ မရှိမှ မတမ်းတနဲ့ ရှိတုန်းသာ ပြုစုကြပါဆိုတဲ့ ” စကားလေးကိုဘဲ သတိရရုံရှိပါတော့တယ်....... မေမေ။












No comments:

Post a Comment