မောင့်ကို ကျွန်မအရမ်းချစ်တယ်။ မောင့်မျက်လုံး၊ မောင့်နှုတ်ခမ်း၊ မောင့်အပြုံး၊ မောင့်အမူအယာ အားလုံးကို ကျွန်မချစ်တယ်။ ကျွန်မမျက်လုံးထဲမှာ မောင်သာ အလှဆုံးပေါ့။ တစ်ခါတစ်လေတော့ မောင့်ကို ကျွန်မ မုန်းပါတယ်။ မောင်က ကျွန်မထက် သူ့သူငယ်ချင်းတွေအရေးကို ပိုဂရုစိုက်တတ်လို့ဘဲ။ ဒါပေမယ့် မောင့်ကျွန်မကို ချစ်တာတော့ ကျွန်မသိတယ်။ ကျွန်မကလည်း မောင့်ကိုသိပ်ချစ်ပါတယ်။
တစ်ရက်ကတော့ မောင်က ကျွန်မချိန်းတဲ့နေရာကို နောက်ကျမှရောက်လာခဲ့တယ်။ ကျွန်မ ဘာမှ မမေးဘဲ မောင့်ကို ကျွန်မကြည့်လိုက်တော့ မောင်က ကျွန်မကို ရီပြရင်း မောင်ကလေ မေ့မေ့ကို ဆေးခန်းလိုက်ပို့ပေးနေလို့ နောက်ကျသွားတာ။ စိတ်မဆိုးနဲ့နော်ဆိုပြီး ကျွန်မကို ရီပြရင်းပြောတယ်။ ကျွန်မလည်း မောင့်ကိုကြည့်ပြီး သေချာလား မောင်ဆိုပြီး မေးလိုက်တော့ မလိမ်တတ်ဘဲလိမ်တဲ့မောင်က ဟီးဟီးနဲ့ ရီပြီး မောင့်သူငယ်ချင်းတယောက် အရေးကိစ္စပေါ်လို့ လိုက်ကူနေတာ။ ဆောရီးပါ ခင်ရယ်တဲ့။ ကျွန်မကလည်း မောင့်အကျင့်ကို သိနေပေမယ့် စိတ်ကောက်ချင်ယောင်ဆောင်နေလျှင် မောင်က မရမက လိုက်ချော့တတ်ပါတယ်။
ဒီနေ့ရက်မှာတော့ ကျွန်မ မွေးနေ့လည်းဖြစ်၊ ကျွန်မနဲ့မောင် ချစ်သက်တမ်း (၃)နှစ်ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီလိုရက်မှာတော့ မောင်အစောကြီးရောက်နေလောက်ပြီ ထင်ပါတယ်။ မောင်ရောက်ပါတယ်ဆိုပြီး မောင်နဲ့ ချိန်းထားရာ ဆိုင်လေးသို့ ကျွန်မထွက်လာခဲ့တယ်။ ဆိုင်ရောက်တော့ မောင်က မေ၇ာက်သေးပါလား။ မောင်ကတော့လေ။ ကျွန်မဆိုင်ထဲမှာ ထိုင်ပြီး (၅)မိနစ်လောက်ကြာမှ မောင်က အမောတလောနဲ့ ရောက်လာပါတယ်။ ကျွန်မလည်း မောင်ကိုစိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ မောင်ကတော့ သူနောက်ကျသည်ကို သတိမထားမိ တဲ့ စတိုင်နဲ့ ခင်က ကြိုရောက်နေတာကို။ မောင်က မရောက်လောက်သေးဘူးထင်နေတာ။ မောင်မနောက် ကျပါဘူးနော်။ ကျွန်မက မောင့်ကိုကြည့်ပြီး ပြောချင်စိတ်မရှိတော့တာနဲ့ ကျွန်မလက်မှာ ပတ်ထားတဲ့ နာရီလေးကို ထောင်ပြလိုက်တယ်။ ဒီတော့မှ မောင်က နာရီကိုကြည့်ပြီး မောင်လုပ်နေကျ အကျင့်အတိုင်း ကျွန်မကို မျက်နှာချိုတွေးကာ ၅ မိနစ်ထဲပါ ခင်ရယ်တဲ့။
ကျွန်မမှာတော့ ဒီလိုအထိမ်းအမှတ်နေ့ရက်လေးကိုတောင် မောင်က ကျွန်မအတွက် အရေးမပါတဲ့ နောက်ကျခြင်း လုပ်နေတာကို မကျေနပ်။ ၀မ်းလည်းနည်းမိတယ်။ ဒီတော့ ဘာမှမပြောတော့။ ၀မ်းနည်းလာတဲ့စိတ်ကြောင့်ဘဲ မျက်ရည်ကျခဲ့မိတယ်။ မောင်ကတော့ ကျွန်မကိုကြည့်ပြီး ခင့်အတွက် မောင်မွေးနေ့လက်ဆောင်ရယ်၊ မောင်တို့ ချစ်သက်တမ်းအတွက် အမှတ်တရ လက်ဆောင်ကို မောင်လုပ်ထားတယ်။ တစ်သက်လုံး အမှတ်တရပေါ့တဲ့။ မငိုပါနဲ့ ခင်။ အခုကော စားသောက်စရာတွေ မှာထားပြီပြီလား။ မမှာရသေးရင် မောင်မှာလိုက်မယ်နော်ဆိုပြီး မှာလိုက်တယ်။ ကျွန်မတော့ ဘာမှမပြောနိုင်ဘဲ အိတ်လေးထဲမှ မောင်အတွက် ရည်ရွယ်ပြီးဝယ်လာခဲ့တဲ့ နာရီလေးကို ထုတ်ပေး လိုက်တယ်။ မောင်ကတော့ ခင်ကိုယ်တိုင် ၀တ်ပေးဆိုပြီး မောင့်လက်လေးကို ခုံပေါ်တင်ပေးလိုက်တယ်။
ကျွန်မလည်း စိတ်ဆိုးပေမယ့် မောင့်ကို နာရီဝတ်ပေးလိုက်တယ်။ မောင်မျက်နှာကတော့ ပြုံးနေတယ်။ ကျွန်မစိတ်ထဲ မှာတော့ မောင့်ကို မကျေနပ်။ နောက်ကျတာကော မတောင်းပန်တော့ဘူးလား။ စိတ်ထဲမှာတော့ ပြောနေပေမယ့် နှုတ်ကတော့မပြောမိပါ။ မောင်ကတော့ သူဘာမှမလုပ်ထားသလို။ ခင်ကို အမှတ်တရဖြစ်စေမယ့် အမှတ်တရ လက်ဆောင်ကို မောင်နဲ့ ခဏနေ လိုက်ယူနော်တဲ့။
အပြန်မှာတော့ မောင်က ကားကိုမောင်းပြီး ဆေးရုံထဲသို့ ၀င်သွားတယ်။ ကျွန်မက မောင်ဘာလုပ်မလို့လဲ။ ကျွန်မ အရမ်းပင်ပမ်းနေပြီ အိမ်ကိုဘဲပို့ပေးပါလို့ ပြောတာကို မောင်က ခင်ကလည်း ခဏလေးပါတဲ့။ ကျွန်မလည်း မောင် ဘာဖြစ်လို့လဲ။ ဘာမှမသိဘဲ ဆေးရုံထဲသို့ လိုက်ဝင်လာတယ်။ အခန်းတခန်းရှေ့ရောက်လာပြီး မောင်က အခန်း တံခါးလေးကို ဖွင့်လိုက်တော့ လူနာကုတင်ဘေးတွင် ထိုင်နေသော အန်တီကြီးတစ်ယောက်ကို တွေ့ရတယ်။ အဲ့အန်တီကတော့ ကျွန်မတို့ကိုမြင်တာနဲ့ ၀မ်းသာအားရနဲ့ လာ သမီးတို့။ လာသားမာန် ဆိုပြီး ၀မ်းသာအားရ ကြိုဆိုတယ်။ ပြီးတော့ ကျွန်မလက်ကလေးကို ကိုင်ပြီး သမီးက မေ့သခင်လား။ သမီးကို အရမ်းကျေးဇူးတင်ပါတယ်ကွယ်။ အန်တီသားအသက်က သမီးပေါ်မှာဘဲ မူတည်ပါတယ်တဲ့။ ပြောလည်းပြော ကျွန်မ တို့ကိုလည်း ရှိခိုးမတတ် လက်အုပ်ချီပြီး ကျွန်မတို့ကို ပြောနေရှာတယ်။ ကျွန်မမှာ ဘာမှမသိပေမယ့် ကိုယ်ထက် အများကြီးကြီးပြီး ကိုယ့်အမေအရွယ်လောက်ရှိတာကို ကိုယ့်ကို လက်အုပ်ချီပြီး ပြောနေတော့ ကျွန်မမှာ အားတွေနာ၊ပြီး အန်တီရယ် မလုပ်ပါနဲ့။ ရပါတယ်လို့သာ ပြောလိုက်တယ်။ ပြောသာပြောလိုက်ရတာ ဘာကြောင့်များ အဲ့လိုဖြစ်နေတယ်ဆိုတာကို မသိသေးဘူး။ မောင်ကတော့ ဘာမှမပြောဘဲ ကျွန်မကို ကြည့်နေတယ်။ ဆေးရုံမှာနေတုန်း အဲ့အန်တီကြီးက ကျေးဇူးတင်စကားတဖွဖွပြောနေတယ်။
ကျွန်မတို့ ပြန်တဲ့အခါမှာတော့ မောင်ကို ကျွန်မမေးကြည့်တော့ မောင်က ကျွန်မတို့ ချစ်သက် လက်ဆောင် ရယ်၊ မွေးနေ့အမှတ်တရဆိုပြီး ဆေးမကုနိုင်တဲ့ မောင့်သူငယ်ချင်းရဲ့ ညီမလေးကို ကျွန်မနာမည်နဲ့ ဆေးကုပေးခဲ့သတဲ့။ အဲ့တာတော့ ခင့်အတွက် မွေးနေ့လက်ဆောင်ပါတဲ့။ နောက်တခုကတော့ မောင့်သွေးနဲ့ အဲ့ကောင်မလေးက သွေးချင်းတူလို့ မောင်တို့ ချစ်သက်လက်ဆောင်အဖြစ် သွေးကို လှူပေးလိုက်ပါသတဲ့။ ကဲ ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်တဲ့ မောင်ပါလဲ။ ကျွန်မ မောင့်မျက်နှာလေးကိုကြည့်ပြီး “ မောင့်ကို အရမ်းချစ်တယ် ” လို့ တိုးတိုးလေး ပြောလိုက်တော့ မောင်က ကျွန်မကို ပြုံးပြတယ်။
No comments:
Post a Comment