“ ခရီးသည်များ ခင်မျာ မြန်မြန်ဆန်ဆန် လုပ်ပေးကြပါ။ ခရီးက တော်တော်လေးကို ကျန်ပါသေးတယ်။ ကိုယ့်ကြောင့် သူတစ်ပါး အနောက် အယှက်ဖြစ်ရင် မကောင်းပါဘူး ခင်မျာ။ မြန်မြန်တက်ကြပါ။ ” လို့ ကားစပယ်ရာလေးလဲ အော်သံကြောင့် ခရီးသည်များမှာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကာ အလုအယက်နဲ့ ကားပေါ်သို့ တက်ကြတယ်။ ခရီးသည်တွေ ကားပေါ်ရောက်တာနဲ့ ကားက စတင်ထွက်ခွာပါပြီ။
ကားကြီးစတင်ထွက်ခွာတာနဲ့ ကျွန်မလည်း ဘုရားစာရွတ်နေလိုက်တယ်။ ဘုရားစာသာ ရွတ်နေပေမယ့် စိတ်ကတော့ နည်းနည်းပူတယ်။ အဘွားက လာမှကြိုပါ့မလားနော်။ တသက်နဲ့တကိုယ် အိမ်ထဲနဲ့ အိမ်ပြင်ထွက်တာတောင် မြမြပါမှ ထွက်တာ။ အခုတော့ ဘယ်သူမှ မပါဘဲ ကျွန်မ တစ်ယောက်ထဲ ခရီးထွက်လာ၇တာကို။ အစကတော့ မြမြလိုက်မယ်ဆိုပြီး လက်မှတ်တောင် ဖြတ်ထားပါရဲ့။ လာခါနီးမှ မြမြ အဘွား အသည်းအသန်ဖြစ်လို့ဆိုပြီး ဆေးရုံကို လိုက်သွားတာနဲ့ ကျွန်မ တယောက်ထဲ ဒီခရီးကို လိုက်ပါလာခဲ့တယ်။ မသွားလို့ကလဲ မရဘူးလေ။ လာတာလာခဲ့တာ တလမ်းလုံး ကျွန်မစိတ်ထဲမှာ ကြောက်နေတယ်။ ဘာမှတော့မဖြစ်ပေမယ့် ကျွန်မကိုက လူကြောက်တတ်တဲ့ ရောဂါရှိတယ်။ သူတစ်ပါးကို မျက်နှာစေ့စေ့ကြည့်ပြီး မပြောရဲဘူး။ တခြားတယောက်နဲ့လည်း စကားပြောရမှာ ကို ရှက်သလိုလို။ မေမေကတော့ အမြဲပြောတယ်။ လူတယောက်မှာ ကြောက်တတ်တဲ့အကျင့်က လူဖြစ်ရတာ ရှုံးတယ်တဲ့။ ကျွန်မကတော့ ရှုံးတယ်ဘဲပြောပြော။ ကြောက်တာ ကတော့ ကြောက်တာပါဘဲ။
ကျွန်မ ဟိုတွေး၊ ဒီတွေးနဲ့ တစ်လမ်းလုံး တွေးနေတာ “ ကဲ့ခရီးသည်များ ခင်မျာ။ ထမင်းစားမယ့် နေရာကို ရပ်ပေးပါမယ်။ အချိန် ၁၀ မိနစ်ပေါ့။ ကိုယ့်ကြောင့် သူတပါး အချိန်မလင့်ပါစေနဲ့ ခင်မျာ ” ဆိုတဲ့ အသံကို ကြားမှဘဲ အော် ဆင်းရပါအုံး တခါ။ မဆင်းခြင်ပေမယ့်လည်း ကားပေါ်တွင် မည်သူမှ မကျန်ခဲ့ပါနဲ့။ လုံခြုံရေးအရ လုပ်ရတာပါဆိုတဲ့ စကားကြောင့် ကျွန်မ ကားပေါ်မှ ဆင်းလာခဲ့တယ်။
စားသောက်ဆိုင်ထဲကို ကြည့်လိုက်တော့လည်း ကိုယ့်အုပ်စု၊ သူ့အုပ်စုနဲ့ အသီးသီး ရှိနေကြတော့ ကျွန်မလည်း ဆိုင်ရဲ့ အစွန်းဆုံး စားပွဲ လေးမှာဘဲ ထိုင်လိုက်တယ်။ အအေးဗူးလေး တစ်လုံးမှာပြီး သောက်နေတုန်း “ ဒီမှာ ညီမလေး။ ဒီဝိုင်းမှာဘဲ အကို ထိုင်လိုက်မယ်နော်။ အခြားဝိုင်းတွေက ပြည့်နေလို့” လို့ပြောပြီး အကိုကြီး တစ်ယောက်ဝင်ထိုင်ပါတယ်။
“ ညီမလေးက တစ်ယောက်ထဲလာတာလား။ အဖော်မပါဘူးလား။ ” လို့ သူက ရိုးရိုးမေးနေပေမယ့် ကျွန်မမှာတော့ လူတယောက် ကိုယ့် ရှေ့မှ ရှိနေရင် အလိုလို နေရင်းကို ထူပူလာတာ။ ဘာမှလည်း ပြန်မပြောရဲ။ ဒါနဲ့ဘဲ ခေါင်းဘဲ ညိတ်ပြလိုက်တယ်။ ဒီတော့ အဲ့အကိုကြီး က “ ညည်းကြည့်ရတာ။ မဟုတ်တာ လုပ်ထားတယ်ထင်တယ်။ ဘာလဲ အိမ်ပြေးလား။ ငါမျက်နှာကိုတောင် ကြည့်ပြီး မပြောရဲဘူး ” ဆိုပြီး ထွက်သွားလေရော။ ကျွန်မမှာတော့ နဂိုကမှ ကြောက်တတ်ပါတယ်ဆိုမှ အဲ့လိုပြောမှဘဲ ငိုချင်လာသလိုလိုပေါ့။ လူတောမတိုးရဲ တဲ့ ရောဂါလေ။
ကားထွက်တော့မယ်ဆိုပြီး စပယ်ရာလေးအော်တော့ ကားပေါ်တက်ကြတယ်။ အဲ့အခါမှာတော့ ကျွန်မ မြမြအတွက် ၀ယ်ထားတဲ့ ထိုင်ခုံ လေးမှာ အထုတ်တွေ တင်ထားပါလေရဲ့။ ဘယ်သူအထုတ်များပါလိမ့်။ ကျွန်မ ဒီနှစ်လုံးကို ၀ယ်ထားတာပါ။ အော် ခဏနေရင် ဖယ်ပေးမှာပါလေ ဆိုပြီး နည်းနည်းသာ လွတ်နေတဲ့ ကျွန်မ နေရာကို ၀င်ထိုင်လိုက်တယ်။ ကားထွက်တော့လည်း အထုတ်တွေက လာသယ် မယ့်သူ မရှိ။ အလယ်ခုံမှာတော့ ကောင်လေးတယောက်က ကျွန်မနား အတင်းတိုးထိုင်နေတာ။ ကျွန်မမှာလည်း အထုတ်က တဖက်၊ ကောင်လေးကို ရှောင်နေရတာတဖက်ပေါ့။ ပြောမယ်ဆိုတော့လည်း မပြောရဲ။ သူ အတင်းကပ်ထိုင်နေတာလဲ သိတယ်။ ဒါပေမယ့် မပြောရဲဘူးလေ။
ဒီလိုဘဲ ကျွန်မ ထိုင်နေတာ တော်တော်ကို အခက်အခဲဖြစ်နေတာ တော်တော်ကြာမှ ခဏက စားသောက်ဆိုင်မှာတုန်းက ကျွန်မ စားပွဲမှာ ထိုင်တဲ့အကိုကြီးက ကြည့်မနေနိုင်တော့ဘူး ထင်ပါရဲ့။ “ ဒီမှာ ညီလေး ဟိုဘက် နည်းနည်း တိုးထိုင်ပါလား။ ပြီးတော့ ညီလေး အထုတ် တွေ ကိုလည်း အပေါ်တင်ထားလိုက်ပါလား။ အကို့ ညီမလေးက မူးတတ်တော့ သူ့အတွက်ဆိုပြီး ခုံကို နှစ်ခုံ ၀ယ်ထားတာ။ အကိုတောင် တခြား ခုံကို ၀ယ်ထားတာ ” ဆိုပြီး အကိုပြောမှဘဲ ကောင်လေးက “ ဟုတ်ကဲ့ အကို။ ကျွန်တော် မေ့သွားလို့ဆိုပြီး ကိုယ်တော်ချောက သူ့အထုတ် တွေကော လူဟာ ဟိုဘက်တိုးတော့တယ်။
အကိုကြီးကတော့ ကျွန်မနား တိုးတိုးလေးကပ်ပြီး “ ကြောက်တတ်ရင် သူငယ်ချင်းခေါ်လာပါတဲ့။ ကြောက်တတ်ရင် လူဖြစ်ရှုံးတယ်တဲ့ ”
No comments:
Post a Comment