Myanmar Calendar

Monday, September 19, 2011

နိုင်ငံခြားကုမ္ပဏီများ၏ ကားအရောင်းပြခန်းများကို သုံး၊ လေးလအတွင်း ဖွင့်လှစ်မည်

နိုင်ငံခြား ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည့် ကားအရောင်းပြခန်းများကို သုံး၊ လေးလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်များကို ဒေါ်လာဖြင့်သာ ၀ယ်ယူနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားကား ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်မှုကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

“မြန်မာနိုင်ငံမှာ နိုင်ငံခြား မော်တော်ယာဉ် အရောင်းပြခန်းတွေ ဖွင့်လှစ်နိုင်ဖို့ ပြည်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။လာရောက်ဖွင့်လှစ် ရောင်းချတဲ့အခါမှာလည်း မော်တော်ယာဉ်တွေကို ဒေါ်လာနဲ့ပဲ ရောင်းချပေးသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်မှု ကို နိုင်ငံခြားကုမ္ပဏီများကို သာမက နိုင်ငံခြားငွေရှိသော ပြည်တွင်း လုပ်ငန်းရှင်များကိုပါ ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် ပို့ကုန်လုပ်ငန်း၊ ဟိုတယ် ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြားတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူများနှင့် နိုင်ငံတော် ဘဏ်များတွင် တရားဝင် ငွေကြေး စုဆောင်းထားသည့် သင်္ဘောသားများကိုလည်း ပြည်ပမှ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကားအရောင်းပြခန်းအဖြစ် မြန်မာ မီနီဆလွန်းကား အရောင်းပြခန်းကို စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်သွား မည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment