Myanmar Calendar

Thursday, October 13, 2011

ကျွန်တော်ချစ်သော သူလေး

ကျွန်တော်နာမည်က မောင်ချစ်ဦးတဲ့။ ကျွန်တော်အသက် (၃၅)နှစ်မှ အိမ်ထောင်ကျတော့သူငယ် ချင်းတွေက ပြောကြတယ် လူပျိုကြီး တော့ စွံသွားပီတဲ့။ ကျွန်တော် အိမ်ထောင်ကျတာ (၃)လဘဲရှိသေးတယ်။ (၃)လအတွင်းမှာ ကျွန်တော် ယူထားတဲ့ အသစ်စက်စက် ဇနီးလေး အကြောင်းကို ပြောပြမယ်နော်။ ကျွန်တော်က မိန်းကလေးတွေကို စိတ်မ၀င်စားတတ်လို့ အသက် (၃၅)နှစ်ထိ မိန်းမမယူဘဲ နေလာတာ။ ဒီကောင်မလေးနဲ့ တွေ့မှာ လူပျိုကြီးလည်း ဈာန်ရှောရတယ်ဆိုပါတော့ဗျာ။ ကျွန်တော်နဲ့ သူနဲ့ စတွေ့ပုံက ဒီလိုဗျ။



ကျွန်တော့်မွေးနေ့က ဘုရားမှာ ဘုရားပန်းတွေသွားလှူရင်းနဲ့ ကောင်မလေးနဲ့ စဆုံခဲ့တယ်ဆိုပါတော့။ ကျွန်တော်နဲ့ သူနဲ့က ဘုရားပန်း ၀ယ်ရင်းနဲ့ အကြိုက်ချင်းတူလာတဲ့ ကောင်မလေးကို ကျွန်တော် အမှတ်မထင် ခိုးကြည့်လိုက်မိရာက စတာပါဘဲ။ ကျွန်တော် ခိုးကြည့် လိုက် မိတော့ ကျွန်တော် ရင်တွေအဆမတန် ခုန်သွားတာဗျာ။ တကယ်။ ကျွန်တော် ရင်ခုန်လောက်အောင်လည်း သူကလေး က တော်တော်ကို လှပြီး တော်တော်ကိုချစ်စရာကောင်းကာ၊ တော်တော်ကို ယဉ်ကျေးသဗျ။ ကျွန်တော် တသက်မှာ ကျွန်တော် စိတ်မ၀င်စား ခဲ့တဲ့ ဆန်ကျင့်ဘက် မိန်းကလေးကို တွေ့လိုက်ပြီဆိုကတည်းက သူလေးဘယ်လောက်ချောတုန်း စဉ်းစားကြည့်ပေါ့ဗျာ။

ဒီလိုနဲ့ သူလေးက ကျွန်တော်ရှေ့ကနေ ဘုရားပန်းလေးဝယ်ပြီး ထွက်သွားတော့ ကျွန်တော် လည်း နောက်ကလိုက်သွားတာပေါ့။ သူလေး ဘာနေ့နာမ်လေးများဖြစ်နေမလဲဆိုတဲ့ အတွေးလေးနဲ့ မလှမ်း မကမ်းကနေ လိုက်သွားတုန်း ကျွန်တော် အံသြရပြန်ပီတခါ သူလေးနဲ့ ကျွန်တော်နဲ့ နေ့နာမ်ချင်တူနေပြန် ပါရောလာ။ ဘုရားကပေးတဲ့ ကျွန်တော်ဖူးစာရှင်လေးပဲထင်တယ်လို့ ကျွန်တော် ၀မ်းသာနေမိတယ်။ ဒီလိုနဲ့ ကျွန်တော် သူဘုရားရှိခိုးတာလေးကို ထိုင်ကြည့်နေတာ ကိုယ့်မွေးနေ့အတွက် ဘုရားလာတာ ကိုတောင် မေ့သွားတယ်။ သူလေး ပြန်သွားတော့လည်း ကျွန်တော် ဘုရားမရှိခိုးတော့ဘဲ လိုက်သွား လိုက်မိတယ်။ သူလေးက ကျွန်တော်ကို ဘယ်လောက်စွဲဆောင်နိုင်လည်း ဆို တာ အိမ်ရောက်မှဘဲ သိတော့တယ်။

အိမ်ရောက်တော့လည်း ခါတိုင်းနဲ့မတူဘဲ လန်းဆန်းနေတဲ့ ကျွန်တော်ကို အမေနဲ့ အမက ကြည့်နေကျတယ်။ ကြည့်နေတော့လည်း ကျွန်တော်က မနေတတ်မထိုင်တတ်နဲ့ လူပျိုကြီးများ အကြိုက်တွေ့တော့လည်း ရှက်တတ်သဗျာ။ အမက ကျွန်တော်နား တိုးတိုးလေး ကပ်မေးတယ်။ မောင်လေး နင်ဘယ်လိုဖြစ်နေတုန်း ဒီနေ့တဲ့။ ကျွန်တော်ကလည်း ဘယ်လိုဖြစ်ရမှာတုန်းအမရာ ဒီတိုင်းပါဘဲ လို့ ပြောလိုက်တော့ အမက မဟုတ်သေးပါဘူး။ နင်အရမ်းထူးခြားနေတယ်။ ဘာများထူးခြားလို့လဲလို့ပြန်မေးလိုက်တော့ နင်တခါမှ မဆိုဖူး တဲ့ သီချင်းတွေဆိုနေလို့ဟေတဲ့။ အမပြောမှဘဲ ဟုတ်သားဘဲ ကျွန်တော် သီချင်းကို တခါမှ မဆိုဖူးတာ။ ဒါပေမယ့် လူပျိုကြီး ရှက်တော့လည်း ၀န်မခံတတ်ဘူး သိတယ်မလား။ အမကို ပြန်ပြောလိုက် တယ်။ အမကလည်း လူဘဲဗျာ သီချင်းဆိုတာ ဘာဆန်းလဲလို့ ပြန်ဖြေ လိုက်တော့ အမက ထူးဆန်းတယ် အမေရေတဲ့။

အိမ်ကလူတွေတောင် ကျွန်တော် တက်ကြွနေတာကို သိနေပြီ။ သူကလေးကော သိပါရဲ့လားလို့ ကျွန်တော် စိတ်ထဲက ပြောနေပေမယ့် သူကလေးကတော့ ကျွန်တော့်ကို ရှိတယ်ဆိုတာတောင် သိမယ်မထင်။ ဒါပေမယ့်လည်း အရေးလား ကျွန်တော်က သူလေးကို စွဲလန်း နေပြီဆိုတော့ သူလေးသိအောင် လုပ်ရမှာပေါ့။ သူလေးက သိပ်မဟာဆန်တယ်ဗျာ။

သူလေးနေတဲ့အိမ်ကို ဘုရားကပြန်တော့ မရောင်မလည်နဲ့ ကျွန်တော်လိုက်ကြည့်လို့ သိသွားပီဗျာ။ အဲ့ဒီတော့ ဒီနေ့ စောစော သူလေး အိမ်ရှေ့ကို သွားချောင်းလိုက်အုံးမယ်။ သူလေးကို တွေ့ချင် လိုက်တာနော်။ ကျွန်တော် မနက်စောစော အိမ်ကနေ ထွက်ကာ သူလေးရဲ့ အိမ်ရှေ့က သစ်ပင်ကွယ်လေးကနေ သူလေးများ ထွက်လာမလားလို့ စောင့်ကြည့်နေ  ခြေထောက် တော်တော်ညောင်း မှ သူလေး ထွက်လာတယ်။ သူလေးက ကျွန်တော် ကြိုက်တဲ့ပုံလေးနဲ့ပါဘဲဗျာ။ ဆံပင်ရှည်ရှည်တွေကို ဆံထုံးပုံလေးထုံတာတယ်။ ပြီးတော့ ရင်ဖုံး အဖြူလေးနဲ့။ သူလေးက ထွက်လာတယ်ဆိုတာ အိမ်အပြင်ကို မဟုတ်ဘူးနော် ၀ရံတာလေးကိုပါ။ သူတို့အိမ်ရဲ့ ၀ရံတာက မြင့်တော့ သူလေးရဲ့ ကိုယ်တပိုင်းလေးဘဲမြင်ရ တယ်လေ။ ဒါပေမယ့် သူလေးမျက်နှာမြင်ရတော့ ကျွန်တော် ကျေနပ်ခဲ့ပါတယ်။ လူပျိုကြီးများ အကြိုက်တွေ့တော့လည်း မနေနိုင်ပေါ့ဗျာ။ တရက်မတွေ့ရရင်ကို မနေနိုင်လို့ သူလေးမသိအောင် သွားသွားချောင်းခဲ့တဲ့ ရက်တွေ များလာတော့ အိမ်ကလူတွေလည်း သိကုန်ပြီ။

အဲ့ဒီတော့ အိမ်က မေမေကလည်း သူလေးရဲ့ မိဘတွေကို သားသမီးချင်းကမ်းလှမ်းဖို့ ပြောကျတော့ ကျွန်တော်က ၀မ်းသာရတာပေါ့။ သူလေးကို ကျွန်တော်က မြတ်နိုးပေမယ့် စကားတောင် တခါမှမပြောဖူးတာ။ အဝေးက လှမ်းကြည့်နေတာလေးကို အမေနဲ့အမက အားမရတော့ဘူး ထင်ပါရဲ့ဗျာ။ ကျွန်တော့်ကိုယ်စားဘဲ သူလေးရဲ့ မိဘတွေဆီမှာ သွားတောင်းပေးလိုက်တယ်။ သူလေးရဲ့ မိဘတွေ ကလည်း သူလေးရဲ့ ကျွန်တော်နဲ့ သဘောတူသတဲ့။ ကျွန်တော်များတော့ ပျော်လိုက်တာမှာ ပြောမပြနိုင်အောင်ဘဲ။ သူလေး ကတော့ ကျွန်တော်ကို ပြုံးပြရုံကလွဲပြီး ဘာမှ မပိုခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ကလည်း သူလေး ရှက်နေရှာမှာဘဲလို့ တွေးမိလို့ ဘာမှ မပြောဘဲ နေလိုက်တာ။ မင်္ဂလာဆောင်မှဘဲ သူလေးအကြောင်းတွေ အကုန်သိတော့တယ်။

မင်္ဂလာလည်းဆောင်ပြီးရော အိမ်ခွဲနေတော့ သူလေးနဲ့ ကျွန်တော်ဘဲ အိမ်မှာရှိတယ်။ အမေတွေကလည်း လိုက်မနေကျတော့ သူလေး များ ဘယ်လိုစကားပြောမလဲလို့ ကျွန်တော် သိချင်တာပေါ့။ သူလေးရဲ့ အသံကိုလည်း ကြားချင်တယ်လေ။ မိဘတွေ ကန်တော့ပြီး အိမ်လည်း ပြန်လာရော ကျွန်တော် သိပ်မြတ်နိုးတဲ့သူလေးက ကျွန်တော်ကို ကိုကိုတဲ့။ ပျော်လိုက်တာဗျာ။ ကိုကိုလို့ခေါ်သံတွေ ကျွန်တော် အထပ်ထပ်ကြားချင်မိနေတာ။ သူလေးက ကျွန်တော့ အနားလာပီး ကိုကိုရေ မိုးကို ရေတချက်လောက် ခပ်တိုက်ပါလားတဲ့။ ကျွန်တော်ကလည်း သိပ်လုပ်ပေးချင်တဲ့ကောင်ဆိုတော့ သူလေးကို ရေခပ်တိုက်၊ ပူနေမလားဆိုတဲ့ အတွေးတွေနဲ့ အဲကွန်းတွေ ပြေးဖွင့်ပေးရနဲ့ မော တယ်ကိုမရှိဘူး။

ဒါပေမယ့် ကျွန်တော် အမောတွေ ဆိုလောက်အောင် ဘယ်လောက်ဆိုးတဲ့ လုပ်ရက်လဲ ခင်ဗျာတို့ သိလား။ သူလေးကလေ ကျွန်တော် သိပ်မြတ်နိုးတယ်ဆိုတဲ့ ဆံပင်လေးတွေက အတုတဲ့။ ကျွန်တော်ကတော့ သူလေးရဲ့ ဆံပင်လေးကို ဖီးပေးမယ်ဆိုတဲ့ အတွေးတွေ ပြတ်သွားပီပေါ့။ ဒါပေမယ့်လည်း အကြောင်း မဟုတ်ပါဘူးလေဆိုပြီး ကျွန်တော် သူလေးကို ချစ်မပြတ်ဘဲ။ ချစ်မပြတ်ဖြစ်နေတုန်း နောက် တမျိုးကြုံရပြန်ပီ။ သူလေးက ကျွန်တော် ထင်သလို မြန်မာအ၀တ်အစားတွေကို မကြိုက်တတ်ဘူးတဲ့။ ရင်ဖုံးလေးတော့ ၀တ်တတ်ပါရဲ့ အမြဲ ရင်ဖုံးနဲ့ ဘောင်းဘီနဲ့ တွဲဝတ်သတဲ့။ စဉ်းစားကြည့်ပါအုံး။ ကျွန်တော်ကလည်း ဒါလည်း ချစ်နေတုန်းဘဲလေ။ အော် နောက်တော့ လည်း ပြင်မှာပေါ့လို့ စဉ်းစားကာ သူလေးကို ချစ်တုန်း။ ဒါပေမယ့် အဆိုးဆုံးကတော့ သူလေးက ညအိပ်ရင် အရမ်းဟောက်တာပါဘဲ။ ကဲ ကျွန်တော် ဘယ်လိုဆက်လုပ်ရမ တုန်း။ ကျွန်တော်ချစ်တဲ့သူလေးက အဲ့လိုလေးတဲ့။ ကျွန်တော် လူပျိုကြီး စွံတော့လည်း ချက်ချင်း။ သူလေးကို ကျွန်တော်ပြုပြင်ပေးရမယ်လို့ စဉ်းစားရင်း နေလာခဲ့တာ အခုဆို (၃)လရှိပြီ။

အချိုးတွေတော့ ပြောင်းလာပါရဲ့။ ဒါပေမယ့် သူလေးတော့ မဟုတ်ဘူးနော် ကျွန်တော်ဘဲပြောင်းလိုက်ရတာ။ ကျွန်တော်က သူလေးကို သိပ်ချစ်လို့ပေါ့ဗျာ။

1 comment: