Myanmar Calendar

Tuesday, October 18, 2011

နှီးဘုရား

ကျမတို့သီတင်းကျွတ်လပြည့်နေ့က မိသားစုတွေနဲ့ ကလောမြို့၊ နှီးဘုရားလေးကို သွားရောက်ဖူးမြော်ခဲ့ ပါတယ်။ နှီးဘုရားက အလွန်တရာမှ အံသြဖွယ်ကောင်းသော၊ ကြည်ညိုဖွယ်ကောင်းသော ဘုရား တစ်ဆူ ဖြစ်ကြောင်းကို ကျမတို့ ရောက်မှ သိရှိခဲ့၇ပါတယ်။ ကျမ တောင်ကြီးမှာနေတယ် ဆိုပေမယ့် နှီးဘုရားကို ရောက်ဖူးတာ ၂ ကြိမ်သာ ရှိပါသေးတယ်။ ကျမတို့လိုဘဲ မရောက်ဖူးသေးတဲ့၊ ဒါမှမဟုတ် ရောက်ဖူးသော်လည်း မသိသေးတဲ့ သူများအတွက် ပြန်လည် မျှဝေပေးလိုက်တာပါ။
နှီးဘုရားကြီး စတင်ရက်လုပ်ထားစဉ်က


နှီးဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း (၅၀)ခန့်ကပင် ကလောမြို့၊ ပင်မာကုန်းကျေးရွာတွင် တည်ရှိခဲ့သည်။ ထို့စဉ်က နှီးဘုရားကိုယ်တော်ကြီးသည် မိုး၊ လေ မလုံခြုံသော အဆောက်အဦး ထဲတွင် ကာလရှည်ကြာစွာ စံနေတော်မူခဲ့ရသည်။ သို့တိုင် သစ်စေးသုတ်ထားသည့်အတွက် မပျက်မစီး တည်ရှိနေဆဲပင်။ မြန်မာ့ ယွန်းထည် ပညာ၊ ၀ါးနှီးရက်လုပ်မှုပညာကိုပါ နှီးဘုရားကြီးက ဂုဏ်ဆောင်နေခဲ့ပါသည်။ 


ဆင်းတုတော်ကြီးကိန်းဝပ် တိုက်ကိုလည်း ရွှေဇ၀ါယွန်းမျက်နှာကြက်ဖြင့် ခမ်းနားစွာ တန်ဆာဆင်ထား ခဲ့နိုင်ပါသည်။ နှီင်္းဘုရား၏ ဘေးတစ်ဖက်တစ်ချက်တွင် အ၀ိုင်းပုံ ဒေါင်းနှင့် ယုန်ရုပ်များ ပါသည့် နေနှင့်လ ရွှေယပ် များကို ထီးဖြူနှစ်စင်းနှင့် အတူ စိုက်ထူထားပါတယ်။ သီရိလာင်္တစ်ခွင့် လှည့်လည်စဉ်ကလည်း ထိုကဲ့သို့သော ရွှေယပ်များကို တွေ့ခဲ့ဖူးပါတယ်။


နှီးဘုရားကြီးမှာ ဥာဏ်တော်အမြင့် ၈ ပေ ၄ လက်မ ရှိပါသည်။ မျက်လွှာချလျက် ဘူမိဖသာမုဒြာဟန်ဖြင့် တင်ပျဉ်ခွေကာ မျက်နှာတော်ရှေ့သို့ ခပ်ငိုက်ငိုက်ဖြင့် ထိုင်တော်မူနေသော ဆင်းတုတော်ကြီး ဖြစ်ပါတယ်။ သို့ဖြင့် ရှေ့တော်မှ ထိုင်လျှက် ဖူးမြော်သည့်အခါ မဟာကရုဏာတော်ဖြင့် ငုံ့ကြည့်နေဟန် ရှိလေ၏။ ဘုမိဖသာမုဒြာဟု ဆိုလိုက်ရသော်လည်း လက်ယာဘက်လက်တော်မှ လက်ချောင်းလေးများသည် မြေကို ထိမနေဘဲ ရှေ့သို့ကော့ရော့ရှိနေကာ လက်တော်ရှေ့ဖျား၊ လက်ချောင်းငယ်လေးများအောက်တွင် အရုပ်ငယ်လေး တစ်ရုပ်ခံလျှက်ရှိပါသည်။ ယင်းကို ကြက်တူရွေးရုပ်ဟု ထင်ရပါသည်။ နှစ်ပေါင်း ၅၀၀ ကျော်က  လက်ရာဟု သိရှိရပါသည်။ ဘုရားကြီး၏ မုနိတော်မှာ အချွန်ဖြစ်နေပြီး နားရွက်တော်နှင့် ပခုံးတော်မထိခြင်း၊ သင်္ကန်းတော်မှာ ၀ဲဘက်ရင်ဘတ်တော်နားတွင် ရှိနေခြင်းတို့ကြောင့် ပထမ အင်းဝခေတ် လက်ရာဟုလည်း ယူဆရပါသည်။ ထို့ပြင် နှီးဘုရားကြီး၏ သင်္ကန်းတော်မှာ တင်ပါးတော်အထိ ဖုံးအုပ်နေခြင်း ကြောင့်လည်း ရှေးဘုရင်များ ကိုးကွယ်ခဲ့ကြောင်း ထင်ရှားစွာ တွေ့မြင်ခဲ့၇ကြောင်း သိရပါသည်။


နှီးဘုရားကြီးသည် ၀ါးကို နှီးဖြာကာ အောက်ခံအဖြစ် ရက်လုပ်ပြီး စစ်စေး(သစ်စေး)သုတ် ကာ ရွှေချထားခြင်း ဖြစ်သည်။ နှီးဖြင့်ပြုလုပ်ထားသော်လည်း နှစ်ပေါင်း ၅၀၀ ကျော်သည့်တိုင် မပျက်မစီး တည်ရှိနေခြင်းဖြစ်သည်။ မီးမလောင်ခဲ့ဘဲ မီးကွင်းခြင်းကလည်း နှီးဘုရားကြီး၏ တန်ခိုးပင်ဖြစ်ပါတယ်။

(ကိုးကားချက်။ ကလောမြို့နယ်၊ နှီးဘုရားကျောင်းတိုက်)

1 comment:

  1. အရမ်းသပ္ဗာယ်တာပဲ ..

    သမိုင်းအကြောင်းလေးလည်း မှတ်သားသွားပါတယ် ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete