Myanmar Calendar

Friday, October 21, 2011

တခဏတာ

နာရီနိုးစက်အသံကြားမှ ရုတ်တရက်လန့်နိုးပြီး နာရီကိုကြည့်လိုက်တော့ ပြာရပြီ အချိန်က နောက်ကျနေပြီကို။ ဒီနေ့ ရိုးပွဲ တခုကို အင်တာဗျူးအနေနဲ့ သွားရမှာ။ တရက်တရက် အလုပ်တဖက်နဲ့ အချိန်တွေကုန်နေတာ ရက်တွေ၊ နေ့တွေတောင် ဘယ်လိုမှန်း မသိ တော့ပါဘူး။ မျက်နှာမြန်မြန်သစ်ပြီး အ၀တ်လှဲနေတုန်း ဖုန်းသံက မြည်လာတယ်။ ဘယ်သူများလဲ ကြည့်လိုက်တော့ မေမေရဲ့ ဖုန်း ဖြစ်နေတယ်။ အ၀တ်လှဲရင်းနဲ့ ဖုန်းကိုကိုင်လိုက်တော့ ‘’ သမီး ညည်းက ဖုန်းကိုင်တာက ကြာလှချီလား၊ ပြာယာပြာယာနဲ့ အခုလည်း ဖုန်းမြည်တာ ကြာနေပီ ဘာလိုအခုမှကိုင်တုန်း ‘’ မေမေပြောတော့ ‘’ မေမေရယ် သမီးအင်ကျီလှဲနေလို့ပါ၊ သမီးအလုပ်သွားရမယ် မေမေပြောစကားရှိလိုလား၊ သမီးနောက်ကျနေပြီ၊ ပြောစရာမရှိရင် ဖုန်းချ လိုက်တော့မယ် မေမေ သမီးနောက်မှ ပြန်ဆက်မယ် ‘’ ဆိုပြီး မေမေစကား ကို ပြန်နားထောင်မအားတော့ တာနဲ့ ဖုန်းကို မြန်မြန်ချပြီး အိတ်ကိုယူကာ အခန်းထဲမှ ထွက်လာခဲ့တယ်။ ဟုတ်တယ်လေ မေမေစကားတွေ ကို အလွတ်ရပြီးသား၊ သမီးက အသက်လည်းမငယ်တော့ဘူး၊ အိမ်ထောင်ပြုတော့ ဒါဘဲ။ မေမေပြောတော့ မယ်ဆိုတာ သိပြီးသား။ ကျွန်မကလည်း ကိုယ်အလုပ်နဲ့ကိုယ်ဆိုတော့ အိမ်ထောင်ရေးကို ဂရုမစိုက်အား။ ပြီးတော့ ယောင်္ကျားတွေရဲ့ အချစ်ကိုဆိုတာ မယုံဘူး။ ကိုယ့်ကိုကိုထက် ဘယ်သူကိုမှ မချစ်နိုင်ဘူးဆိုတာ ကျွန်မက သိပြီးသား။ ကိုယ်လည်း သူ့တို့လိုမဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ အဲ့တာကြောင့်လည်း ကျွန်မ ရည်းစားထားဖို့၊ အိမ်ထောင်ပြုဖို့ မစဉ်းစားခဲ့တာ။ အခုတလောမှ မေမေက ဒါဘဲ ပြောနေတော့ မေမေနဲ့ စကားပြောရမှာကို ကျွန်မအတွက် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တယ်။



အင်တာဗျူးဖို့ ရှိုးပွဲထဲရောက်တော့ မန်နေဂျာမမက ကျွန်မကို မျက်စောင်းခဲပြီး ‘’ နင်ကလည်း နောက်ကျ လိုက်တာ၊ ဒီမှာ သီချင်းဆိုဖို့ အဆိုတော်တွေကတောင် အဆင်သင့်ဖြစ်နေပြီ၊ ပြီးတော့ မော်ဒန်လေးတွေက လည်း အဆင်သင့်ပဲ။ နင်ဘယ်လို စ၀င်မလည်းဆိုတာ နင်စဉ်းစားပြီးပြီလား။ အချိန်က တော်တော်ကပ်နေပြီ၊ ဒီနေ့အဖို့ သတင်းမပါရင်တော့ နင် ငါအကြောင်းသိတယ်နော်’’ ဆိုပြီး စူစူ ပုတ်ပုတ်နဲ့ပြောကာ ထွက်သွားတော့တယ်။

ကျွန်မလည်းကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာမှမပြောရဲဘူး။ ဟီး၊ ကိုယ်က မှားနေတာကို။ ဒီလိုနဲ့ ကျွန်မလည်း သတင်းလေးတပုဒ် ရဖို့ကို လူတွေကြားထဲ တိုးဝှေ့နေလိုက်တာ ၀တ်လာတဲ့ အင်ကျီတောင် ကြေမွကုန် ပြီ။ မောမောနဲ့ ထိုင်နေတုန်း အမှတ်မထင် နေရာလေးတခုကို ကြည့်လိုက်မိတော့ မျက်စိကို ပြန်ရုတ်သိမ်းဖို့ တောင် မေ့သွားခဲ့တယ်။ ကောင်လေး ချောချောလေး တယောက်။ ကျွန်မဘ၀မှာ ဘယ်ယောင်္ကျားကိုမှ အထင်မကြီး၊ ရဲရဲမကြည့်ခဲ့တဲ့ ကျွန်မ အဲ့ကောင်လေးကို မြင်မှ ဘယ်လို ဖြစ်မှန်းမသိ၊ ရင်တွေခုန်လာတယ်။

ကောင်လေးကတော့ ကျွန်မထက် ငယ်မဲ့ပုံလေး၊ စတိုင်လေးကလည်း ချစ်စရာလေး ကျွန်မကြည့်နေ တုန်း ကောင်လေးက အဲ့နေရာကနေ့ ထွက်ခွာသွားတယ်။ ကျွန်မလည်း နှမြောသလို၊ ပြီးတော့ သူကိုများ ထပ်မြင်ရအုံးမလားဆိုပြီး လျောက်ကြည့်မိတော့ တွေ့ပါပြီ ကောင်လေး။ ကောင်လေးက သူ့အရွယ် ကောင်မလေး တယောက်နဲ့ ရယ်ရယ်မောမော စကားတွေပြောနေလိုက်တာ။ ကျွန်မလည်း ဘာကိုမနာလိုဖြစ်လို့ ဖြစ်မှန်းမသိ ကောင်လေးကို မကြည်သလိုဖြစ်သွားပြီး တခြားတနေရာကို ထွက်လာခဲ့တယ်။ ကျွန်မကိုယ် ကျွန်မလည်း အံသြတယ်။ ကိုယ်နဲ့လည်း မသိဘဲနဲ့ ကောင်လေးတယောက် အပေါ် မြင်မြင်ချင်းစွဲလန်းသွားခဲ့တယ်ဆိုတာကိုပေါ့။

ဒီလိုနဲ့ ရှိုးပွဲပြီးတဲ့အထိ ကျွန်မ ကောင်လေးကို မကြည့်ဘဲ နေကာ အိမ်ကို ပြန်ခဲ့တယ်။ ဒါပေမယ့် စိတ်ကတော့ မကြည့်တော့ဘူးလို့ ဘယ်လိုဆုံးဖြတ်ဖြတ် ကျွန်မ မျက်ဝန်းက ကောင်လေးကို ရှာနေခဲ့တယ်။ ရှိုးပွဲပြိးတဲ့အချိန်မှာ နှမြော သလိုလိုတောင် ဖြစ်ခဲ့တယ်။ အဲ့လိုနဲ့ အိမ်ကိုပြန်ရောက်တဲ့အထိ ကောင်လေးရဲ့ မျက်နှာလေးကို ကျွန်မ ဖျောက်မရခဲ့ဘူး။ အိမ်အလုပ်တွေလုပ်ရင်းနဲ့ဘဲ အချိန်တွေ ပြန်ကုန်သွား ခဲ့တယ်။ နောက်နေ့တွေလည်း ကျွန်မ အလုပ်တွေလုပ်နေတော့ ကောင်လေးကို တချက်တချက်တော့ သတိရ ခဲ့တယ်။

တရက်မှာတော့ ကျွန်မ မေမေက ကျွန်မဆီကို ရောက်လာပြီး ကျွန်မကို အိမ်ထောင်ချပေးဖို့ သူ့သူငယ်ချင်းရဲ့ သားနဲ့ မိတ်ဆက်ပေးခဲ့ တယ်။ ကျွန်မအမေသဘောတူတဲ့ လူကို ကျွန်မသွားတွေခဲ့တယ်။ ကျွန်မငြင်းစရာ မရှိလောက်အောင် သူက ပြည့်စုံတယ်။ အကြောင်းရှာ စရာ မရှိလောက်အောင်ပေါ့။ ကျွန်မ သဘောကျတယ်လည်းမဟုတ်ဘူး၊ မကျဘူးလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ သူနဲ့ မျက်နှာ ချင်းဆိုင် စကားပြောနေခဲ့တဲ့ အချိန်မှာ ကောင်လေးမျက်နှာလေးကိုဘဲ မြင်နေ ခဲ့တယ်။ သူကတော့ ကျွန်မက သူကို ကြည်ဖြူတယ်ဆိုပြီး မင်္ဂလာပွဲအတွက် စီစဉ်ခဲ့တယ်။ ငြင်းစရာကလည်း မ၇ှိ၊ မေမေကိုလည်း မဆန့်ကျင်ချင်တာနဲ့ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်။

မင်္ဂလာဆောင်တဲ့အခမ်းအနားလုပ်တဲ့အခါ သူငယ်ချင်းတွေကတော့ ကျွန်မက သိပ်ကံကောင်းတယ်လို့ ပြောလို့ ကျွန်မကျေနပ်ခဲ့ပေမယ့် ဘာကြောင့်မှန်းမသိ ကျွန်မ ကောင်လေးကိုဘဲ သတိရနေခဲ့တယ်။ ဒီလိုနဲ့ သတိုးသားရဲ့ ဧည့်သည်တွေကို လိုက်ဧည့်ခံနေတုန်း သတိုးသားက စားပွဲတခု ကိုသွားဖို့ ပြီးတော့ သူ့အချစ်ဆုံးညီလေးနဲ့ မိတ်ဆက်ဖို့ ပြောလာတော့ ကျွန်မလည်း လိုက်သွားတုန်းမှာ ကျွန်မ အံ့အားသင့် သွားလောက်အောင် ကျွန်မတချိန်လုံး သတိရနေတဲ့ ကောင်လေးဖြစ်နေတယ်။ ကောင်လေးကတော့ ကျွန်မကို မသိပေမယ့် ကျွန်မမှာတော့ ကောင်လေးကိုမြင်လိုက်တဲ့အချိန်မှာ ၀မ်းနည်းသလိုဖြစ်ခဲ့တယ်။ ဒီလိုနဲ့ မင်္ဂလာပွဲပြီးမှ ပြန်သွားခဲ့တဲ့ ကောင်လေးကို ကျွန်မ မင်္ဂလာဆင်ပေါ်ကနေ ခိုးခိုးကြည့်နေခဲ့ တယ်။ နောက်ဆုံးအကြိမ်လေးပေါ့။ ကောင်လေးကို ကျွန်မ ငေးခွင့်ရတာ ဒီအချိန်လေးပြီးရင် ပြီးဆုံးသွား မှာပါ။ 

No comments:

Post a Comment