Myanmar Calendar

Monday, October 31, 2011

မေမေ့ထက်သမီး တစ်လကြီး

မေမေ

သမီးအခုဆို မေမေကို အရမ်းလွမ်းနေပါပြီ။ အမေ၀ဋ်တွေလည်း လည်နေပါပြီမေမေ။ မေမေ့ကို ချစ်ပြီး ဆိုးခဲ့သမျှတွေ အခုတော့ မေမေနဲ့ အဝေးဆုံးရောက်မှ သမီးနားလည်တတ်နေပြီ မေမေ။ မေမေ--------------------

သမီးအသက် ()နှစ်မှာ သမီးကျောင်းစတက်တဲ့နေ့မှာ မေမေက သမီးပါးပေါ်ကို သနပ်ခါးလေး ညီညီလိမ်းပေးလို့ ပါးကို ဖွဖွနမ်းကာ မေမေ့သမီး ပညာတတ်လေး ဖြစ်ပါစေတဲ့။ ကျောင်းဝတ်စုံဖြူဖြူဝတ်ပေး မေမေ့က သမီးလက်ကို ဆွဲလို့ ပတ်ဝန်းကျင်ကို ခေါင်းမှော့ရင်ကော့ပြီး မေမေ့သမီးလက်ကို ကိုင်ကာ ကျောင်းဝန်းအတွင်း လိုက်ပို့ခဲ့တယ်လေ။

 
မေမေပြောတဲ့စကားက မေမေ့သမီး မေမေ့ထက်သာ အမေထက် သမီး တစ်လကြီး၊ ပညာတတ်ကြီး ဖြစ်ပါစေတဲ့။

မေမေပြောတဲ့ ဆုံးမစကား မြန်မာမိန်းကလေးဆိုတာ သနပ်ခါး ပါးပေါ်ဖွေးဖွေး၊ လုံခြုံတဲ့ အ၀တ်ဝတ်လို့ ဆင်မြန်းပါ လေတဲ့။ မလုံခြုံတဲ့ စိန်ခေါ်မှု မေမေသမီး မလုပ်မိပါစေနဲ့တဲ့။

မေမေအနားနေနေစဉ် သမီးနာခံခဲ့တယ်လေ မေမေ။

မေမေ အပျော်ဆုံးနေ့က သမီး (၁၀)တန်းအောင်တဲ့နေ့တဲ့။ သမီး (၁၀)တန်းအောင်ခဲ့ပါတယ်။

(၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်တော့ မေမေက သမီးပါးပြင်ဖွဖွနမ်းလို့ မေမေ့သမီး ပညာတတ်ဖို့ မေမေ့ရင်ကိုခွဲ လွတ်လိုက်ပါပြီ သမီးတဲ့။ မေမေ့ မျက်ရည် သမီးကြည့်လို့ ရင်ထဲ မချိပေမယ့် ပညာတတ်၊ ဘွဲ့ရဖို့အရေး သမီး ကျောင်းတော်ကြီးကို ခြေချခဲ့ပြီ မေမေ။

ကျောင်းတော်ရောက်တော့ မေမေ့စကား နှစ်စတော့ ကြား သမီးထိန်းသိမ်းခဲ့ပါတယ် မေမေ။ ဒီလိုနဲ့ သမီး ပထမနှစ်ကို အဖော်မပါ၊ တစ်ကိုယ်ထဲနဲ့ ကျောင်းတော်လမ်းတွေ လျှောက်ခဲ့ပါတယ်။ မေမေ။ မေမေမှာတဲ့အတိုင်း သမီး မြန်မာ မိန်းကလေး စိတ်မှာစွဲလို့ ဘယ်သူပြုပြု မိမိမှုသာ သနပ်ခါးကိုသာ လိမ်းခဲ့ပါတယ် မေမေ။

ပထမနှစ်ပြီးလို့ အိမ်ပြန်တော့လည်း မေမေ မျက်နှာ ချိုချိုသွေးသွေး သမီးမြင်တော့ ခွဲရကျိုးနပ် ခဲ့ပြန်ပြီ မေမေ။ ကျောင်းမဖွင့်ခင် မေမေ့အနား ချွဲနွဲ့လို့ မေမေ့သမီး ကလေး လုပ်ခဲ့တယ်လေ။ ကျောင်းပြန် ဖွင့်တော့ မေမေမျက်နှာ ခွဲရပြန်အုံးမယ်ဆို မေမေ ပြုံးပြ သမီး ပညာတတ်ကြီး ဖြစ်ရန် ()နှစ်တာ ကျန်ပါတယ်လေတဲ့။ မေမေ သမီး လိမ်မာတာ မေမေသိပါတယ်လေတဲ့။

ဒီလိုနဲ့ ဒုတိယနှစ် ကျောင်းတက်တုန်းမှာတော့ မေမေ့သမီး ကျောင်းသားဘ၀ လက်တွေ့စမ်းချင်နေပြီ မေမေ။ မေမေ့ သမီး အပေါင်းအသင်းတွေ့လို့ အပေါင်းအသင်းကြား မျက်နှာမငယ်ရအောင် ပြုပြင်တတ်နေပြီ မေမေ။ မေမေ့ သမီး ပေါင်းသင်းတတ်တော့ မေမေ့ မုန့်ဖိုး မလောက်လောက်အောင် မသုံးနိုင်တော့ဘူး မေမေ။ မေမေ ပို့သမျှ အပြင် မေမေ့ဆင်မြန်းပေးတဲ့ လက်ဝတ်ရတနာတွေပါ မုန့်ဖိုးအဖြစ် သုံးတတ်နေပြီ မေမေ။
 
မေမေဖုန်းဆက်တော့လည်း တခါမှ မလိမ်ဖူးတဲ့ သမီး မေမေ့ကို လိမ်တတ်ခဲ့ပြီ မေမေ။ မေမေပြောတဲ့ မြန်မာ့ သနပ်ခါး သမီးလိမ်းဖို့ အားငယ်တတ်နေပြီ မေမေ။ မေမေမှာတဲ့ လုံခြုံတဲ့ အ၀တ်ဝတ်လို့ ဆင်မြန်းပါ လေတဲ့။ မလုံခြုံတဲ့ စိန်ခေါ်မှု မေမေသမီး မလုပ်မိပါစေနဲ့ ဆိုတဲ့ မေမေဆုံးမသံကို မေမေ့ မျက်စိ ဒိတ်အောက်နေပြီ ခေတ်နဲ့အညီ ၀တ်ရမယ့်လေ ဆိုတဲ့ စကားနဲ့တင် ပယ်ချလို့ သမီး စိန်ခေါ်တတ်နေပြီ မေမေ။

ပထမနှစ်တုန်းကလို မေမေ့ သမီး မလိမ်မာတော့ပါဘူး မေမေ။ မေမေ မြတ်နိုးတဲ့၊ သမီးချစ်တဲ့ ဆံနွယ်ရှည်ရှည် နက်နက်လေးတွေကိုလည်း သမီး မမြတ်နိုးတော့ဘူး မေမေ။ သမီးမြတ်နိုးနေတာ ဆံနွယ် နီနီ၊ မိတ်ဆက်ဖွေးဖွေး၊ တိုတိုလေးတွေကို မြတ်နိုးနေပြီ မေမေ။

 
ဒုတိယနှစ် ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ချိန်မှာတော့ အရင်ကလို့ မေမေ့ မျက်နှာ သမီးမလွမ်းတော့ပါဘူး မေမေ။ မေမေ့ကို အကြောင်းပြ သင်တန်းတွေသာ တက်ဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သမီး မပြန်ခဲ့ပါဘူး မေမေ။ မေမေကတော့ ငါ့သမီး ပညာတတ်ကြီး သင်တန်းတက်ရန် လိုသမျှငွေ ပေးလို့တာ မေမေ ကျေနပ်နေခဲ့တယ်လေ။

မေမေ့သမီးကတော့ မေမေ့ဆုံးမစကား နားသည်ရှိမဆို ဟိုဘက်နားဝင်၊ ဒီဘက်နားထွက်နဲ့ မေမေ့စကား စကားတွင်သာရှိ ဆိုသလို ဖြစ်နေပါပြီ မေမေ။ ဒီလိုနဲ့ဘဲ မေမေ့ သမီး မေမေ့အိမ်ကို ပြန်ရောက်ချိန်မှာတော့ မေမေ့ သမီး အရင်လို မပျော်ရွှင်တော့ပါဘူး မေမေ။ တမှိုင်မှိုင် ဖြစ်နေတဲ့ မေမေ့ သမီးကို မေမေကတော့ ပင်ပမ်းလို့သာ မေမေ့ သမီး ဘာမှမလုပ်နဲ့ မေမေဘဲ လုပ်မယ်တဲ့။

မေမေ့ သမီး ဒီလိုနဲ့ ရက်၊ လတွေကြာလာတော့ မေမေ့ သမီး မေမေ့ အရှက်ကိုခွဲလို့ လူလောက ထွက်ခွာသွားပါပြီ မေမေ။ မေမေ့ ဆုံးမစကား နားတွင်ရှိသော်လည်း မေမေ့ သမီး နောက်ကျဘ၀ဆုံးပါပြီ မေမေ။ မေမေပြောတဲ့ မလုံမခြုံ မစိန်ခေါ်နဲ့ ဆိုတဲ့ စကားကို သမီးစိန်ခေါ်မိလို့ မေမေ့ထက် သမီး တစ်လကြီးခဲ့ရပါပြီ မေမေ။ မေမေ့ထက် သမီးတစ်လကြီးဆိုတဲ့ မေမေ့စကားက ပညာတတ်ဖြစ်ဖို့ ရည်ရွယ်ပေမယ့် မေမေ့ သမီးကတော့ တကယ်ဘဲ တစ်လကြီးပြီး မေမေ့ထက် အရင် သွားရှာပါပြီ မေမေ။

2 comments:

  1. စိတ်မကောင်းလိုက်တာ ..
    မိဘနဲ့ ဝေးတဲ့အရပ်က ဆူးခင်းလမ်းကိုလျှောက်ရသလိုပါပဲ .. မိန်းကလေးတွေရဲ့ဘဝက ..
    အားပေးခဲ့ပါတယ်ရှင် ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete
  2. အခုလိုအားပေးလို့ကျေးဇူးပါ april ရေ

    ReplyDelete