Myanmar Calendar

Tuesday, November 1, 2011

နိုဝင်ဘာလဗေဒင်

မိသာရာသီဖွားများအတွက်

ကျန်းမာရေးကောင်းမွန်မည်။ မိမိတွေးခေါ်ယူဆချက်များ မှန်ကန်နေမည်။ ထို့ကြောင့် အရေးကြီးကိစ္စများကို တစ်ပါးသူအား ယုံကြည်စိတ်ချ တိုင်ပင်ခြင်းမပြုသင့်ပါ မိမိကိုယ်တိုင် ဆုံးဖြတ် ဆောင်ရွက်ပါ။ မိသားစု အသိုင်းအ၀ိုင်း အတွင်း လူမှုရေး အရှုပ်အရှင်းကိစ္စများအတွက် စကားပြောဆိုရမည်။ ပြောမှားဆိုမှား ဖြစ်တတ်သည်။ သတိထားပါ။ စာချုပ်စာတမ်း လက်မှတ်ရေး ထိုးခြင်း၊ ကတိစကား လွယ်လွယ်ပေးခြင်း မပြုသင့်ပါ။ ညီ အစ်ကို၊ မောင်နှမ၊ လုပ်ဖော် ကိုင်ဖက်များကြောင့် အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်။ အာရုံကြောကိုက်ခဲခြင်း ဝေဒနာ ခံစားရမည်။ နား၊လည်ပင်း၊ လည်ကုပ်တစ်ဝိုက် ကိုက်ခဲ နာကျင်မှုဖြစ်မည်။ တစ်ခါတစ်ရံ သတိမေ့တတ်သည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရသော လူမှုဆက်သွယ်ရေး၊ နိုင်ငံတကာ ဆက်သွယ်ရေးကိစ္စများ အထူးကောင်းမွန်ပြီး အဆင်ပြေမည်။ ဒီဇိုင်နာ၊ အနုပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ အကျိုးစီးပွားဖြစ်ထွန်းမည်။ တစ်ခါတစ်ရံ အသက်ရှုမွန်းကျပ်ပြီး နှလုံးဒုက္ခပေးမည်။ မတော်တဆ ထိခိုက်ဒဏ်ရာရ တတ် သည်။ ဆေးရုံ၊ ဆေးခန်းကိစ္စများ ပေါ်ပေါက်မည်။ ဆီး၊ ကျောက်ကပ် ရောဂါဝေဒနာ ခံစားရမည်။ ခါးနာတတ်သည်။ ဖခင်ဆရာ သမား၊ အကြီးအကဲများ၏ သောက၊ ပြသနာများကို ဖြေရှင်းရမည်။ ၀န်ထမ်းများ အဆင့်မြင့်ရာထူး တိုးမြှင့်ခံရမည်။ သောက၊ ဗျာပါဒ အနည်းငယ် ရှိတတ်၏။ မိမက တစ်ပါးသူအပေါ် ပြသနာရှာနေတတ်မည်။ အပူအစပ်အရသာကို ကြိုက်နှစ်သက်ပြီး စားမိသဖြင့် အစားအစာကြောင့် ပြသနာ ဖြစ်တတ်သည်။ ခြေဖျား၊ ခြေထောက် ထုံကျဉ်နေမည်။ အများနှင့် စုပေါင်းသော လုပ်ငန်းများ၊ အစုစပ်၊ အစုရှယ်ယာ၊ ကုမဏီလုပ်ငန်းများ ငွေကြေး အကုန်အကျများမည်။ ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်းခွင်မှ ၀န်ထမ်း များ ငွေကြေးကိစ္စကို သတိထား ဆောင်ရွက်သင့်သည်။ 


ပြိသာရာသီဖွားများအတွက်

လူမှုရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်ရမည်။ တစ်ပါးသူနှင့်မတူ ထူးခြားဆန်းကြယ်သော အတွေးအခေါ်၊ အယူအဆများကြောင့် အများနှင့် ဆန့်ကျင်နေမည်။ စားနေကျ မဟုတ်သော အသားများကို မစားသုံးသင့်ပါ။ မိသားစု အတွင်း လူမှုရေးအရှုပ်အရှင်းရှိမည်။ မိမိအပေါ် ဟန်ဆောင်ကောင်းသောသူများနှင့်  တွေ့ရမည်။ ညအိပ် ဧည့်သည် လက်မခံသင့်ပါ။ လက်ခံခဲ့ပါလျှင် ယင်းကိစ္စအတွက် မိသားစုအတွင်း ငွေကုန်မည်။ မိဘ၊ ဆွေမျိုးများ၏ ငြိုငြင်မှုကို ခံရမည်။ အိမ်၊ခြံ၊ မြေ၊ ကား၊ နိုင်ငံခြား ခရီးကိစ္စများ အခက်အခဲများနှင့် ပင်ပင်ပန်းပန်းဆောင်ရွက်ရမည်။ ခရီးသွားစဉ် မတော်တဆ ထိခိုက်ဒဏ်ရာရတတ်သည်။ အလုပ်အကိုင်နှင့် ပတ်သက်ပြီး ရန်၊ အခက်အခဲများကို ကျော်လွှားပြီးမှ လိုရာ ပြည့်စုံမည်။ လျှပ်စစ်ပစ္စည်းများကို သတိနှင့် ကိုင်တွယ်ဆောင်ရွက်ပါ။ သူတစ်ပါးကြောင့် မိမိအကြံအစည်များ ပျက်ယွင်းတတ်သည်။ ကြိုတင်စိတ်ကူးသည်က တစ်မျိုး၊ လက်တွေ့တစ်မျိုး ဖြစ်တတ်သည်။ နောက်ဆုံးအပြီးသတ်ခါ နီးမှ ကြန့်ကြာနှောင့်နှေးမှု များ ဖြစ်တတ်သည်။ စကားမတည်သောသူများ၊ လိမ်လည်လှည့်ဖျား၊ မြှောက်ပင့်ပြောဆိုသူ များနှင့် တွေ့မည်။ အနီးကပ် လူ၊ ဆွေမျိုး၊ မိတ်ဆွေ ဒုက္ခပေးမည်။ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်ဆောင်ရွက်သည်များမှ အကျိုးဆက်ကောင်းရမည်။ ပျိုရွယ်သူများ စန်းပွင့်မည်။ ပညာရေးဆိုင်ရာ ပွဲလမ်းသဘင် အခမ်းအနား တက်ရောက် ရမည်။ ပညာသင်တန်းနှင့် ပတ်သက်သော သတိထားဆောင်ရွက်ပါ။ အလွန်အကျပ်အတည်းနှင့် ကြုံရမည်။ အခက် အခဲ၊ ပြသနာများ တစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်ဖြေရှင်းရမည် ။ စုဆောင်းထားသည့် ငွေများ ကိုယ့်အတွက်မဟုတ်ဘဲ သူတစ်ပါးအတွက် သုံးစွဲ ကုန်ကျမည်။ စီမံထားသော ကိစ္စများကို အချိန်မီ မဆောင်ရွက် နိုင်သဖြင့် စိတ်ရှုပ်ရမည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ လုပ်ငန်းခွင်မှ ၀န်ထမ်းများ အလုပ် ကိစ္စအတွက် ရာထူး ထိခိုက်နိုင်သည်။

မေထုန်ရာသီဖွားများအတွက်

တစ်ပါးသူနှင့်ယှဉ်ပြီး လုပ်ကိုင်ရသော ကိစ္စများတွင် မိမိကိုယ်ပိုင်ဥာဏ်စွမ်း ဥာဏ်စ အင်အားကို အသုံးချပြီး ယှဉ်ပြိုင် အနိုင်ရရှိမည်။ ပညာရေးအတွက် လုံ့လ၊ ၀ီရိယ စိုက်ထုတ် ဆောင်ရွက်ရမည်။ ခရီးနှင့် ပတ်သက်ပြီး အညံ့ရှိမည်။ ခရီးသွားရင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်တတ်သည်။ နှလုံးနှင့် ပတ်သက်ပြီး ဒုက္ခပေးတတ်သည်။ တပည့်၊ လက်အောက်ငယ်သားများ၏ အမှုအခင်း၊ သောကများကို ဖြေရှင်းပေး၇မည်။ ကိုယ်ပိုင်ဥာဏ်စွမ်း၊ ကိုယ်ပိုင် စွမ်းရည်ရှိလင့်ကစား လူပေါင်းမှား လို့ ဖြစ်သင့် သလောက် မဖြစ်ပါ။ အလုပ်နှင့် ပတ်သက်ပြီး အမှုအခင်း၊ ပြသနာများ ဖြေရှင်းရမည်။ နိုင်ငံခြားနှင့် ပတ်သက်သော အလုပ်အကိုင်၊ အကျိုးစီးပွား တိုးတက်အဆင်ပြေမည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းချဲ့ထွင်နိုင် မည်။ ရောဂါဖြစ်လျှင် ကျွမ်းကျင်သူ ပညာရှင်များနှင့် ကုသပျောက်ကင်းမည်။ အပေါင်းအသင်း ဒုက္ခပေးတတ်သည်။ ယင်းတို့အတွက် ငွေကြေး အကုန်အကျများမည်။ ဆရာသမား၊ အကြီးအကဲ၊ အထက်လူကြီးများ၏ ချစ်ခင်မှုကို ခံရမည်။ လုပ်ငန်းခွင်မှ ၀န်ထမ်းများ ရာထူးတိုးမြှင့်ရန် အခွင့်အလမ်း ပေါ်ပေါက်မည်။ ဘာသာရေးကိစ္စများကို အထူးအလေးပေး ဆောင်ရွက်မည်။ အခက်အခဲကြားမှ အလှူဒါနပြုရမည်။ ညီအစ်ကို၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ငွေကြေးကိစ္စများတွင် အပြိုင်အဆိုင်ယှဉ်ပြိုင်ပြီး လုပ်ကိုင်ရတတ်သည်။ ယင်းကိစ္စများနှင့် ပတ်သက်ပြီး ငွေကြေးအကုန်အကျများမည်။ ခါးကြောညပ်ခြင်း၊ ခြေသလုံးအကြောကိုက်ခဲခြင်း များ ဖြစ်တတ် သည်။ လူသိမခံနိုင်သော ငွေကြေး၊ ခိုင်မာသော ငွေကြေး အမြောက်အမြားဝင်မည်။ သို့သော် မိမိမသုံးစွဲ ရပါ။ ရှားပါးသော ဆေးပစ္စည်းများ လက်ဆောင်ရတတ်သည်။ တစ်ခါတစ်ရံ ၀မ်းဗိုက်ဒုက္ခပေးတတ်သည်။ ခြေဖျား၊ ခြေဖ၀ါး နာကျင်ကိုက်ခဲမည်။ အိမ်၊ ခြံ။ မြေ၊ ကား ကိစ္စများ နှောင့်နှေးနေမည်။ 

ကရကဋ်ရာသီဖွားများအတွက်

ကျန်းမာရေးသောက ကြုံရတတ်သည်။ စားသောက်ကုန်း၊ ရွှေရတနာ ကိစ္စရပ်များ ထင်သလောက် အကျိုးအမြတ် မရရှိပါ။ မိသားစုအတူတကွ ခရီးသွားရန်ကြုံမည်။ စီးပွားရေးလုပ်ငန်းများတွင် အတူတကွ တွဲဖက်လုပ်ကိုင်သူ မိတ်ဆွေကြောင့် နာမည်ပျက်ရတတ်သည်။ ညီအစ်ကို၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်ကောင်းများ၏ အကူအညီရရှိမည်။ အတတ်ပညာနှင့် ပတ်သက်ပြီး သင်တန်းတက်ရောက်ခြင်း၊ သင်ယူခြင်းပြုရန် လုံ့လ၊ ၀ီရိယ စိုက်ထုတ်လုပ်ကိုင် နေမည်။ ရည်မှန်းထားသည့် ကိစ္စများ ကောင်းမယောင်နှင့် အဆိုးကြုံရတတ်သည်။ ပညာရေး၊ သင်တန်းများအတွက် အဆက်အသွယ်ကောင်း များ ရရှိမည်။ ပညာဖြင့် ဆောင်ရွက်ရသော ကိစ္စများတွင် တိုးတက်မှုရှိမည်။ ပညာရေးနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှပ်နှံရသော လုပ်ငန်းများတွင် တိုးတက်ပြီး အကျိုးစီးပွားဖြစ်ထွန်းမည်။ ခရီးသွားခြင်းဖြင့် ငွေကြေး အကျိုးအမြတ် ရရှိမည်။ ပညာသင်ကြားရန်အတွက် ပြည်တွင်းသာမက ပြည်ပ ခရီးသွားရခြင်း ကြုံမည်။ အိမ်၊ ခြံ၊ မြေ၊ ကား၊ နိုင်ငံခြား၊ ခရီးကိစ္စများအတွက် ကောင်းကျိုးပေးမည်။ ငွေကြေးနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်နေမည်။ ဆွေမျိုး၊ မိတ်ဆွေများ အကူအညီရရှိမည်။ ငွေကြေး အရင်းအနှီးမြှပ်နှံသင့်သော ကာလဖြစ်သည်။ အတိတ်ကံ အကျိုးပေးသောကြောင့် အလုပ်အကိုင်များ အဆင်ပြေမည်။ ရန်၊ အနှောင့်အယှက်၊ အတိုက်အခံနှင့် မနာလိုဝန်တိုသူများ ကင်းမည်။ ငွေကြေးဝင်မည်။ ဖခင်၊ ဆရာသမား၊ အကြီး အကဲများ၏ အထောက်အပံ့၊ အကူအညီရရှိမည်။ မျက်နှာပွင့်ပြီး နာမည်ဂုဏ်သတင်း ကျော်ကြားမည်။ ရာထူး တိုးမြှင့် ခံရမည်။ ပြသနာ၊ အမှုအခင်း၊ သောကများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်။ အလှူအတန်းပြုလုပ်ရမည်။ ဘာသာ ရေး ကိစ္စများကို အလေးပေးဆောင်ရွက်ပြီး တရားထူး၊ တရားမြတ်တို့ကို နာကြားရမည်။ တန်ခိုးကြီးဘုရားများနှင့် ဆရာတော်များကို ဖူးတွေ့ရမည်။ ညအိပ်ညနေ ဧည့်သည် လက်မခံရပါ။ အထူးသဖြင့် စနေသားသမီးကို ရှောင်ပါ။ ရင်ဘတ်၊ နှလုံး၊ အဆုတ်နှင့် ပတ်သက်ပြီး ဝေဒနာ ခံစားရမည်။ ခရီးသွားလျှင် ဧည့်စာရင်းတိုင်းရန် မမေ့ပါနှင့်။ အလိုလို စိတ်တိုနေမည်။ 

သိဟ်ရာသီဖွားများအတွက်

အတွေးအခေါ်များ ကစဉ့်ကလျားဖြစ်ပြီး စိတ်ပျံ့လွင့်နေမည်။ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိခင်၊ ညီအစ်ကို၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်တို့ အရေးကိစ္စများကို ဦးစားပေး အလေးထား ဆောင်ရွက်နေသဖြင့်  ခန္ဒာကိုယ်ပင်ပန်း နွမ်းနယ်နေမည်။ ခရီး ယာယီများပြီး ကြီးကဲသူ၊ အထက်လူကြီးများနှင့် ခရီးသွားရမည်။ ဘာသာရေးနှင့် ပတ်သက်သည့် ခရီးထွက်ရခြင်းမျိုး ကြုံရတတ်သည်။ နိုင်ငံခြားနှင့် အဆက်အသွယ်ကောင်းများ ရရှိပြီး အလုပ်အကိုင် အဆင်ပြေမည်။ အိမ်၊ ခြံ၊ မြေ၊ ကား၊ ခရီးသွား ကိစ္စများနှင့် ပတ်သက်ပြီး မိမိက လုံ့လ၊ ၀ီရိယ စိုက်ထုတ်လုပ်ကိုင်ပေးမှသာ အရာရာ အဆင်ပြေမည်။ ခရီးသွား၇န် ကြံစည်၊ စီစဉ်ဆောင်ရွက်ထားသူများ အောင်မြင်မည်။ စားသောက်ကုန်လုပ်ငန်း၊ ရွှေ၊ ရေအမျိုး မျိုး ရောင်းဝယ်ရေးကိစ္စများ အဆင်ပြေ သော်လည်း မိမိအတွက် အကျိုးမဖြစ်ဘဲ မိသားစု၊ ဆွေမျိုးများအတွက် အကျိုးဖြစ်ထွန်းစေမည်။ ပညာရေး၊ ပညာသင်ကြားခြင်း၊ သင်ယူရခြင်း၊ ကြုံတွေ့ရမည်။ 

ကန်ရာသီဖွားများအတွက်

ကျန်းမာရေးကောင်းနေသော်လည်း ခန္ဒာကိုယ် ပင်ပန်းနေမည်။ လုံ့လ၊ ၀ီရိယ စိုက်ထုတ်လုပ်ကိုင်ရသောကြောင့် ကြွက်သား၊ အာရုံကြောများ တောင့တင်းနေသည်။ ဖခင်၊ ဆရာသမား။ အကြီးအကဲ၊ မိသားစုအရေးကြောင့် စိတ်ပင်ပန်း၊ လူ ပင်ပန်း ဖြစ်နေရမည်။ ရွှေရတနာ ပျောက်ရှတတ်သည်။ မိသားစုသဖွယ် အတူနေတူများထဲမှ ငယ်ရွယ်သူများ စနေ၊ သောကြာ သားသမီးမများကို သတိထားပါ။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်၏ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။  လုံးဝ မထင်မှတ်ထားသော ကိစ္စများ၊ မျှော်လင့်မထားသော အရာများ ကြိုတင်တွေးဆမထားသည့်ကိစ္စများ တစ်မျိုးပြီးတစ်မျိုး တွေ့ရ တတ်သည်။

တူရာသီဖွားများအတွက်

ကျန်းမာရေးကောင်းနေသော်လည်း မျက်စိ၊ သွားနှင့် ပတ်သက်သော ဝေဒနာခံစားရမည်။ အတွေးမှားခြင်း၊ အပြောအဆိုမှားခြင်း ကြောင့် မိမိရပိုင်ခွင့်၊ အခွင့်အရေးများ ဆုံးရှုံးရမည်။ ငွေကြေးဆုံးရှုံးခြင်းများ ကြုံရတတ်သည်။ မိမိပတ်ဝန်းကျင် တွင် စကားချိုချိုသာသာပြောဆိုနေသော လုပ်ဖော်ကိုင်ဖက်၊ ညီအစ်ကိုမောင်နှမတို့ကြောင့် ငွေကြေး ဒုက္ခ ကြုံရတတ်သည်။ ဒေါသ ကို မထိန်းနိုင်လျှင် ခိုက်ရန်ဖြစ်ပွားမှု ကြုံရတတ်သည်။ ပညာရေးနှင့် ပတ်သက်သည်မှာ ကြံစည်ထားသမျှ အောင်မြင်မည်။ 

ဗြိစ္ဆာ ရာသီဖွားများအတွက်

အတွေးသစ်၊ အကြံသစ်များနှင့် လုပ်ငန်းအပြောင်းအလဲ ကြုံမည်။ တစ်ပါးသူနှင့် မတူ ဆန်းသစ်သော အတွေးအခေါ်များကြောင့် အောင်မြင်မှု ရှိမည်။ မျက်စိ၊ မျက်နှာ၊ သွား၊ အစာအိမ်၊ ၀မ်းဗိုက် ဒုက္ခပေးမည်။ ဘုန်းကံနိမ့်ပါးသော ကာလဖြစ်သည့်အတွက် ဘာသာရေးကို အလေးထား ဆောင်ရွက်သင့်သည်။ မထင်မှတ်သော ငွေကြေးများ ၀င်လာမည်။ ငွေကြေး ကံကောင်းနေသော ကာလ ဖြစ်ပါသည်။

ဓနု ရာသီဖွားများအတွက်

အတွေးအခေါ်များ တည့်မတ်မှန်ကန်နေသဖြင့် တွေဝေ ငေးမော မနေသင့်ပါ။ ဆုံးဖြတ်ထားသော ကိစ္စများကို ရဲရဲတင်းတင်း ဆောင်ရွက်ပါ။ ခရီးသွားခြင်းနှင့် ပတ်သက်သော ကိစ္စမျိုးအားလုံး အဆင်ပြေမည်။ စီးပွားရေးရင်းနှီးမြှပ်နှံရန် မသင့် ပါ။ လုပ်ငန်းခွင်မှ ၀န်ထမ်းများ ရာထူးတိုးစာမေးပွဲ ဖြေဆို အောင်မြင်မည်။ ပညာရေးနှင့် ပတ်သက်ပြီး ချီးမြှောက်ခံရမည်။ ဘ၀ကံ မြင့်မားသော ကာလဖြစ်သည်။ ငွေကြေးအမှုအခင်း၊ ပြသနာများနှင့် ခေါင်းရှုပ်ရမည် ကာလဖြစ်သည်။

မကာရ ရာသီဖွားများအတွက်

ကျန်းမာရေးကောင်းမည်။ မိသားစုနှင့် အဆင်ပြေနေမည်။ မိသားစုအတွင်း ရာထူး တိုးမြှင့်ခြင်းခံရမည်။ ရွှေရတနာဝင်မည်။ ခရီး သွားရင်း လူမှုရေး ကိစ္စများ ဆောင်ရွက်ရမည်။ ငွေကြေး ကံ မကောင်းသော ကာလဖြစ်သည်။ ပညာရေးနှင့် ပတ်သက်ပြီး အဆက် အသွယ်ကောင်းများ ရရှိမည်။ မထင်မှတ်ဘဲ ငွေပျောက်တတ်သည်။ အကြီးအကဲများ၏ အမျက်သိုခြင်း ခံရမည်။ ဘ၀အမောနှင့် မကျေမနပ်မှုများကြောင့် အလိုလိုနေရင်း စိတ်တိုနေမည်။ 

ကုမ်ရာသီဖွားများအတွက်
အကြံအစည်ကောင်းများ ရှိနေသော်လည်း မိမိ၏ အရွဲတိုက်မှုကြောင့် အလွဲလွဲအချော်ချော် ဖြစ်နေတတ်သည်။ ပြသနာများ မိမိ ခေါင်းပေါ်ရောက်ရှိလာပြီး ဖြေရှင်းပေးရတတ်သည်။ မိမိကိုယ်တိုင်မှာမူ သောက ကင်းဝေးနေမည်။ ဆောက်လုပ်ရေး၊ ရေ၊ တွင်းထွက်လုပ်ငန်းများ အကျိုးစီးပွား ဖြစ်ထွန်းမည်။ ပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်းများ၊ ငွေကြေးဆိုင်ရာ ကိစ္စများ လက်ပြောင်းလက်လွှဲ ကိစ္စမှန်သမျှ သတိနှင့်ယှဉ်ပြီး ဆောင်ရွက်ပါ။ အ၀တ်အထည်၊ အလှအပပစ္စည်းများ လက်ဆောင်ရရှိမည်။

မိန်ရာသီဖွားများအတွက်

ရည်ရွယ်ပြီး လုပ်ကိုင်သော အလုပ်၊ စနစ်တကျ စီမံကိန်းချပြီး လုပ်ကိုင်သော အလုပ်များ အဆင်ပြေမည်။ အတွေးအခေါ်ကောင်းများ ဆုံးဖြတ်ချက်ကောင်းများ ရရှိမည့် ကာလဖြစ်သည်။ စိတ်မပျံ့လွင့်နိုင်အောင် သတိထားပါ။ အခက်အခဲ၊ အကျပ်အတည်းများမှ လွှတ်မြောက်နိုင်သော ကာလဖြစ်သည်။ ငွေကြေးကံ ညံ့နေသဖြင့် ငွေမချေးသင့်ပေ။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ အလုပ်အကိုင်၊ အကြံအစည်ကြီးများ ရှေ့တိုးဆောင်ရွက်ရန် စီစဉ်ထားပါက ယခုကာလတွင် အစပြု ဆောင်ရွက်သင့်သည်။

(ဆရာမ ဒေါ်ထက်ထက်)

(၇)ရက်သား သမီး အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။

No comments:

Post a Comment