Myanmar Calendar

Wednesday, November 2, 2011

အမေ့စကား

ပြန်လာလမ်းတလျောက်မှာ နာကြင်စရာတွေကြီးမို့ ဘာကြောင့်များ ဒီလောက် စိတ်ညစ်ဖို့ကောင်း တဲ့ လောကလည်း၊ ပျော်စရာမရှိတော့ဘူးလား ငါ့ဘ၀မှာဆိုတဲ့ အတွေးတွေ တလိမ့်လိမ့်နဲ့ ၀င်လာတယ်။ ၀င်လာ တော့ မျက်ရည်က အလိုလို နေရင်း ပါးပြင်ပေါ်ကျလာခဲ့တယ်။ အလုပ်ကအဆင်မပြေတော့ အိမ်ထဲရောက်ရင် ဘယ်လို မျက်နှာနဲ့ ၀င်ရမလည်း စဉ်းစားနေဆဲ အမေရဲ့ အော်သံကကြားရပါပြီ။

"ဟဲ့ မိနွေ နင်ပြန်လာတာ နောက်ကျလိုက်တာ ဘာလို့နောက်ကျနေတာလဲ၊ ငါပြောတာကော အဆင်ပြေ ရဲ့ လား" လို့အမေရဲ့ မျှော်လင့်တကြီး ကြည့်နေတဲ့ မျက်နှာကို ကျွန်မမကြည့်ရဲ ကြည့်ရဲ့နဲ့ ကြည့်ပြီး "အဆင် မပြေပါဘူး အမေ " လို့ ပြောလိုက်တော့ အမေမျက်နှာ ချက်ချင်းဆိုသလို အိုစာသွားလိုက်တာ။ ကျွန်မလည်း အားလုံးကို အဆင်ပြေစေ ချင်တာ ပေါ့။ ဒီလိုနဲ့ ကျွန်မနဲ့ အမေတယောက်ကိုတယောက် မကြည့်ကြတော့ဘဲ အိမ်ထဲက ကိုယ်အခန်းကိုယ်ဆီ ၀င်ကြပြီး တိတ်ဆိတ်နေ လိုက်တယ်။ အိမ်ထဲမှာ တိတ်ဆိတ်နေပေမယ့် ရင်ထဲမှာ ကိုယ်စီအပူတွေက ဘယ်လောက်ပူတယ်ဆိုတာ မပြောရက်လောက်အောင်ကို ပူနေခဲ့တယ်။

ပူမှာပေါ့ မနက်ဖြန်ဆို ငှားထားတဲ့အိမ်လေးက စာချုပ်ပြည့်လို့ စပေါ်ငွေက ထပ်ပေးရတော့မယ်ကို။ ဘယ်လို လုပ်မလည်း အတွေးတွေက အကောင်းဖက်တမျိုး၊ အဆိုးဖက်တမျိုးဝင်နေလိုက်တာ တခါတခါဆို ငါသူများကို လုရမလားဆိုတဲ့ အတွေးတွေ ၀င်နေခဲ့တာ။ ခဏခဏပါဘဲ။

ဒါပေမယ့် မဖြစ်သေးပါဘူးလေ။ ငါဒီလိုလုပ်လိုက်ရင် င့ါအမေမျက်နှာ ဘယ်နား သွားထားမလဲ။ မဖြစ်သေးပါဘူး ငါဘယ်လိုလုပ်ရမလည်း။ ဒီအတိုင်းထိုင်နေရင်လဲ မဖြစ်ပြန်ဘူး။ ငါအပြင်ကို သွားအုံးမှဘဲ ဆိုပြီး အိမ်အပြင်ကို ထွက်လာခဲ့တော့ အမေက မိနွေဘယ်သွားမလို့လဲ ညကြီးမိုးချုပ်နေပြီ၊ ညည်းမဟုတ်တာတွေတော့ မလုပ်နဲ့နော်။ ဘယ်မှ မသွားနဲ့တော့။ နောင်ခါလာ နောင်ခါဈေးဘဲ ကြည့်ရှင်းကျတာပေါ့။ ငါ့မှာ ဒီသမီးလေး တယောက် ဘဲရှိတာ ငါ့သမီးကိုတော့ ငါမဆုံးရှုံးနိုင်ဘူးနော်လို့ အမေပြောသံကြားကို ကြားလိုက်တာ ကျွန်မရင်ဆိုင်ရမယ့် ဒုတ်ခ တွေ ကို အားလုံးဖြေရှင်းလိုက်သလိုပါဘဲ အမေကို ပြန်ပြောလိုက်တယ် အမေရယ် သမီးဘာမှမလုပ်ပါဘူး ဟိုဘက်အိမ် သွားရုံ ပါဆို ပြီး ပြောလိုက်တော့ အေးမိုးမချုပ်စေနဲ့၊ စောစောပြန် မေမေတော့ ဘုရားရှိခိုးလိုက် အုံးမယ်။

ကျွန်မလည်း သူငယ်ချင်းအိမ်ဘက်ထွက်လာတုန်း မြေကြီးအောက်ကို ငုံကြည့်ရင်းလာခဲ့ရာ တနေရာ အရောက်မှာတော့ ကလေးတယောက်ရဲ့ ငိုညည်းသံလေးကို ကြားလိုက်တယ်။ ကျွန်မလည်း အစကတော့ အော် သူ့အမေမချော့ဘူး ထင်တယ်လို့ဘဲ ထင်လိုက်တာ နောက်လည်း နည်းနည်းကြာရော ကလေးငိုသံ တဖြည်းဖြည်းပြာလာသလိုလို၊ တိတ်မလိုလိုနဲ့ တချက်တချက်ရှိုက်သံလိုလိုကြားရတော့ ကလေးအမေ မရှိဘူးထင်တယ်။ ငါသွားကြည့်အုံးမှဆိုပြီး ကလေးငိုသံကြားရာကို သွားရှာကြည့်တော့ လက်သည် ဒေါ်ဖွားက ကလေးငယ်ကို ခေါင်းအုံနဲ့ ဖိနေတာကို တွေ့ရတယ်။ ကျွန်မလည်း တွေ့တွေ့ချင်း အံသြ ထိတ်လန့်သွားကာ ဒေါ်ဖွား ဘာလုပ်တာလည်း၊ အဒေါ်နော် ကလေးကိုသတ်နေ တာလားလို့ ကျွန်မ အော်လိုက်တော့ ဒေါ်ဖွားက အလန့်တကြားနဲ့ မိနွေရယ်၊ ဒေါ်ဖွားလည်း မတတ်နိုင်လို့ပါ၊ ဒေါ်ဖွား ပိုက်ဆံ အရမ်းလိုနေလို့ပါ။ ဒီကလေးကိုသတ်ပြီးမှ ကလေးအမေက ပိုက်ဆံပေးမယ်ဆိုလို့ ဒေါ်ဖွားမလုပ်ချင် ဘဲ လုပ်ရ တာပါ။ ဒေါ်ဖွားကို သနားရင် ဘယ်သူကိုမှ မပြောပါနဲ့နော်တဲ့။ နင်လည်း ပိုက်ဆံလိုနေတယ်မလား ငါနဲ့ တယောက် တ၀က် ပေါ့။ နင်လည်းအဆင်ပြေငါလည်း အဆင်ပြေပေါ့။ ဘယ်လိုလဲလို့ ကျွန်မကို လာညှိနေတယ်။ ကျွန်မကလည်း ပိုက်ဆံတွေမြင်တော့ လိုလည်း လိုချင်၊ အခက်အခဲကလည်း အရမ်း ဖြစ်နေ တော့ နည်းနည်းတွေဝေသွားတယ်။

ကလေးငယ်ကိုကြည့်လိုက်တော့လည်း ချစ်စရာလေး။ ကလေးငယ်ကို လည်းသနား၊ ပိုက်ဆံကလည်း လိုချင်နဲ့ တွေဝေ နေတုန်း အမေရဲ့ စကားသံကို နားထဲကြားလာကာ ဒေါ်ဖွား ကိုပြောလိုက် တယ် ဒေါ်ဖွားရယ် အသက်တချောင်းဆိုတာ မသတ်ကောင်းပါဘူး၊ ဒေါ်ဖွားပိုက်ဆံရတော့ကော ဘယ်လောက် သုံးရမှာလည်း၊ ဒေါ်ဖွားချမ်းသာ သွားမှာလား လို့ မေးလိုက်တော့ ဒေါ်ဖွားမျက်နှာကလည်း ကျွန်မလိုဘဲ တွေဝေသွားတယ်။

နောက်တော့ ဒေါ်ဖွားမျက်လုံးတွေက အရောင်တောက်သွားပြီ မိနွေ ငါ ဒီငွေ တွေကို ပြန်ပေးလိုက်မယ်။ ကလေးကိုလည်း သူတို့မမွေးချင်နေ ငါဘဲမွေးလိုက်တော့မယ်၊ နင့်ကိုလည်း ငါ ကျေးဇူးတင်ပါတယ်။ ငါတသက်လုံး နောင်တရရ မယ့် အလုပ် ကို မလုပ်ဖြစ်အောင် တားပေးလို့ပေါ့လို့ ပြောပြီး ကလေးငယ် ကိုခေါ်ကာ ဒေါ်ဖွား ပြန်သွားလေတယ်။ ကျွန်မ လည်း အခုမှဘဲ အမေပြောတဲ့ နောင်ခါလာ နောင်ခါမှ ကြည့်ရှင်းတော့ မယ်လို့ စိတ်ထဲမှာ တွေးပြီး စိတ်ကြည်လင်စွာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။

No comments:

Post a Comment