Myanmar Calendar

Thursday, November 17, 2011

ဘ၀ရဲ့ ဥယျာဉ်မှူးများ

“ ဒီဝတ်စုံလေး ၀တ်ကြည့်ပါအုံး၊ ဟိုဟာလေးကော သမီးနဲ့ လိုက်ရဲ့လားလို့။ တစ်သက်မှာ တစ်ခါဘဲ ဖြစ်ခဲ့တဲ့ ပွဲ။ လှအောင်ဝတ်ရမယ်။ ကျန်တာတွေ ဘာမှမတွေးနဲ့။ လှဖို့အဓိက ”


ကျမထက် ကျမ မေမေ့က ပိုပျော်နေပုံရပါရဲ့။ ကျမတော့ ရင်ခုန်နေတာ။ ကျမ သိပ်ချစ်တဲ့ မောင့်ကို ပိုင်ဆိုင်ခွင့် ရတော့မယ် အချိန်ပိုင်းသာ လိုတော့တယ်။ 

မိတ်ကပ်ပြင်နေတဲ့ ကျမ မျက်နှာကိုကြည့်ပြီး မေမေကတော့ နှမြောတဲ့ မျက်နှာလေးနဲ့ “ အော်..... ငါ့သမီးလေး လူလားမြောက်သွားပြီတဲ့။ သမီးအခုချိန်ကစပြီး သမီးက ဘ၀ရဲ့ ဥယျာဉ်မှူး ဖြစ်တော့မှာ။ အရာရာကို သမီး လူကြီး ဆန်တတ်ပါစေတဲ့။ ”

ကျမ မောင်နဲ့ မင်္ဂလာဆောင်ပြီး တစ်နှစ်ခန့်အကြာမှာတော့ ကျမ မောင့်ရဲ့ ကိုယ်ပွားလေးဖြစ်တဲ့ သားသားလေးလား၊ သမီးလေးလား မသိတဲ့ ကျမရဲ့ ပန်းကလေးတစ်ပွင့်ကို လွယ်ထားရခဲ့ပြီ။ မေမေပြောတဲ့ ဘ၀ဥယျာဉ်မှူးဆိုတဲ့စကားက တကယ်ပါဘဲ။ 

ကျမနဲ့ မောင် ဘာလေးမှန်းမသိသေးတဲ့ ပန်းကလေး တစ်ပွင့်ကို ဥယျာဉ်မှူးတွေက အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ခဲ့တာ အခုဆို ကျမတို့ရဲ့ ပန်းပွင့်လေးက သမီးလေး ဖြစ်ခဲ့ပြီ။ သမီးလေး ကျမတို့ ဘ၀ထဲ ၀င်ရောက်လာသော ပန်းကလေးတစ်ပွင့်ကို လှလှပပ ပွင့်လန်းအောင် ပျိုးထောင်၇မှာ ကျမတို့ ဘ၀ဥယျာဉ်မှူးတွေ တာဝန်ပေါ့။ 

တယုတယနဲ့ ကျမတို့ ပျိုးထောင်ခဲ့တဲ့ ပန်းကလေးက အခုဆို စကား တီတီတာတာနဲ့ ပြောတတ်ခဲ့ပြီ။  ဒီလိုနဲ့ နှစ်တွေကြာလာတော့လည်း ပန်းပွင့်ကလေး လှပစေဖို့ ကျမတို့ ဥယျာဉ်မှူးတွေကသာ ဂရု တစိုက်နဲ့ ပျိုးထောင်ပေးခဲ့ရတာပေါ့။ 

ဒီနေ့ဆို ကျမ သမီးလေး ဘွဲ့ယူရမဲ့နေ့။ ကျမတို့ သမီးလေး လှနေလိုက်တာ ဘွဲ့ဝတ်စုံလေးနဲ့။ ကျမတို့ သမီးလေး ပြုံးပျော်နေတဲ့ မျက်နှာကို ကျမနဲ့ မောင် ကြည့်နေရတာ သူ့ပျော်နေတာထက် ကျမတို့ ဥယျာဉ်မှူး တွေက ပိုပျော်နေမယ် ထင်ပါတယ်။

ကဲ့ ဒီနေ့တော့ ကျမတို့ သမီးလေးက ကျမတို့ ဘ၀ထဲကနေ ထွက်ခွာသွားတော့မယ့်နေ့ပေါ့။ ကျမ သမီး မင်္ဂလာဆောင်တော့မယ်။ သမီးလေး မင်္ဂလာဆောင်ပြီးရင် သူ့အမျိုးသားနဲ့ လိုက်ပါသွားတော့မယ်ပေါ့။ ကျမ ၀မ်းနည်းနေချိန်မှာ မောင်က ကျမအနားလာပြီး ကျမကို စကားတစ်ခွန်းပြောခဲ့တယ်။

ဒီမှာ ခင် မောင်တို့ ဥယျာဉ်မှူးတွေဆိုတာ ပန်းကလေး ပွင့်လန်းဖို့သာ ပြုစုပေးရတာ။ ပန်းကလေးကို ပိုင်ဆိုင်ဖို့တော့ ဘယ်တော့မှ မရတတ်ကြဘူး။ ပန်းကလေးဆိုတာက အချိန်တန်ရင် ဥယျာဉ်ထဲက ထွက်ခွာ သွားတာပါဘဲတဲ့။ 

မောင်တို့ကလည်း တစ်ချိန်က ဥယျာဉ်မှူးတွေကို စွန့်ခွာခဲ့ပြီးပြီ။ အခုလည်း မောင်တို့က ဘ၀ရဲ့ ဥယျာဉ်မှူး တွေပေါ့။ ဘ၀ရဲ့ ဥယျာဉ်မှူးဆိုတာ ပန်းကလေးကို အကောင်းဆုံး ပွင့်လန်းအောင် ပျိုးထောင်ပေး ရုံဘဲတဲ့။

1 comment:

  1. မိဘတိုင်းက အကောင်းဆုံး ဥယာဉ်မှူးတွေဖြစ်ခဲ့ကြတယ်နော် .. ပန်းလေးတွေ စွန့် ခွာသွားတော့ ဥယာဉ်မှူးရင်ထဲ ဖြစ်ကျန်ခဲ့မဲ့ ဒဏ်ရာလေးတွေကတော့ .. ပြောမပြတတ်အောင်ပါပဲ .. ခံစားသွားရပါအိ ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete