Myanmar Calendar

Monday, January 2, 2012

ကောင်မလေးရဲ့ နှစ်သစ်ကို ကြိုဆိုခြင်း

ဒီနှစ်ရဲ့ အစကိုတော့ ကောင်မလေးကတော့ သူငယ်ချင်းတွေနဲ့ ကဲလိုက်တယ်။ ကောင်မလေးတို့ မြို့ တစ်မြို့လုံးကို အပေါ်စီးကနေ ကြည့်ရတဲ့ အလွန်မှ လှတဲ့ တောင်ချွန်းပေါ်ကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး တက်လိုက်တယ်။

တောင်ချွန်းဆိုတာက ကောင်မလေးတို့ မြို့ရဲ့ အမြင့်ဆုံး တောင်ပေါ့။ တောင်ပေါ်မှာ ဘုရားတွေ ရှိတယ်။ တောင်ချွန်းမှာတော့ အရင်က ဘုရားမရှိဘူး။ မြို့ရဲ့ ရှုခင်းတွေကို ကြည့်ဖို့နဲ့ ၊ အပမ်းဖြေဖို့ တက်ကြတာ။ အခုတော့ စေတီတစ်ဆူတည်ထားပါတယ်။

ကောင်မလေးတို့ သူငယ်ချင်းတွေ တောင်ချွန်းတက်ဖို့ ကောင်မလေးတို့အိမ်မှာ မနက် (၇)နာရီ ချိန်းထားတယ်။ ဒါပေမယ့် သူငယ်ချင်းတွေက အချိန်ကို လေးစားကြတော့ (၈)နာရီလောက်မှဘဲ လူစုံတော့တယ်။ 

ကောင်မလေးတို့ အိမ်ကနေ ထွက်ဖြစ်တော့ မနက် ၈ နာရီခွဲပြီ။ အဖွဲ့က အားလုံးပေါင်း (၉)ယောက်။ (၉) ယောက်မသွားကောင်းဘူးဆိုပြီး မောင်ကျောက်ခဲလေးကို ခေါ်ခဲ့တယ်။ 

တောင်ပေါ်ကို စတက်ချိန်မှာတော့ မနက်နည်းနည်းအေးလို့ အနွေးထည်တွေပါတယ်။ တောင်ပေါ် စတက် တော့လည်း အေးသေးတယ်လေ။ တောင်တက်လမ်းတစ်လျှောက်မှာတော့ နှင်းတွေဆိုနေတဲ့ သစ်ရွက်ခြောက်တွေနဲ့ပေါ့။ တောင်တက်တယ်ဆိုလို့ မောမှန်းတောင် မသိဘဲ တစ်ယောက်ကို တစ်ယောက် စနောက်ရင်း တက်လာတာ ၁၀ နာရီလောက်မှဘဲ တောင်ပေါ်ဘုရား ရွှေဘုန်းပွင့်ကို ရောက်တော့တယ်။ 

ရွှေဘုန်းပွင့်ရောက်တော့ ဘုန်းကြီးကျောင်းမှာ ထမင်းကျွေးမလား သွားချောင်းကြသေးတယ်။ ဒါပေမယ့် အလှူရှင်မရှိလို့ ထမင်းမကျွေးဘူးတဲ့။ ဟီးဟီး။ ငတ်ရော။ ဒါပေမယ့် အားမငယ်ပါဘူး ပတ္တမြားဂူက ဘုန်းဘုန်း ကို သွားကန်တော့ပြီး လက်ဖက်နဲ့ ဂျင်းသုတ်လေးတော့ စားခဲ့တယ်။ 

တောင်ချွန်းကိုတက်ဖို့ အမောဖြေပြီးတဲ့ အခါမှာတော့ ဘုန်းဘုန်းကို ကန်တော့ပြီး တောင်ချွန်းကို စတင် တက်ပါတော့တယ်။ တောင်ချွန်းတက်တဲ့ လမ်းတစ်လျောက်မှာတော့ သစ်ရွက်တွေက နှင်းဒဏ်ကြောင့် အရမ်းစိုနေပြီး ချော်လိုက်တာ အရမ်းပါဘဲ။ 

တောင်ခြေမှာတော့ မီးပုံးပျံ တစ်လုံးကို တွေ့လိုက်တယ်။ မီးပုံပျံက မီးဇာငြိမ်းနေလို့ မတက်ဘဲ ပြန်ကျနေတဲ့ ပုံဘဲ။ အကြီးကြီးဘဲ မီးပုံပျံက ။ အမယ်လေး မီးပုံးပျံလည်း မြင်ရော ပြေးပြီး သွားကြည့်ကြတာ။ ပြန်ရင်တော့  ယူပြန်မယ်ပေါ့။ သေချာခေါက်ပြီး ၀ှက်ထားတယ်။ သူများမြင်ပြီး ယူပြန်သွားမှာဆိုးလို့လေ။ 

ဒီလိုနဲ့ တောင်ချွန်းကို စတက်ပါတယ်။ ကောင်မလေးတို့ အဖွဲ့တွေ အပြင် ကောင်မလေးတို့လိုဘဲ ကဲလိုက်တဲ့ လူတွေကလည်း များသား။ ကိုယ်ဘဲ ကဲလှပြီ ထင်နေတာ။ ဟီးဟီး။ 

တစ်ယောက်ကို တစ်ယောက် သတိပေးရင်းနဲ့ တောင်ချွန်းကို တက်ကြပြီ။ တက်တက်ချင်း မှာဘဲ ကောင်မလေးရဲ့ သူငယ်ချင်းကတော့ ဈေးဦးဖောက် ချော်လဲပြီ။ တစ်ယောက်ချော်လှဲတော့ အားလုံးက ၀ိုင်းရီကြတာ။ ဒီလိုပါဘဲ ကိုယ်လှဲရင်လည်း သူများတွေ အော်ရီမှာဆိုးလို့ သတိထားပီး သွားနေရတယ်။ 

သတိထားသွားနေတာတောင် တစ်ယောက်ပြီး တစ်ယောက် လှဲနေတာ။ တစ်ယောက်လက်ကို တစ်ယောက် တွဲလို့ ငယ်ငယ်တုန်းက မီးရထားတွဲ ကစားသလိုဘဲ စီတန်းပြီးတော့ပေါ့။ 

ကောင်မလေးတို့အဖွဲ့ထဲမှာ ဒေါက်ဖိနပ်စီးလာတာ တစ်ယောက်ပါသေးတယ်။ ဟီး... သူက လှချင်လို့တော့ မဟုတ်ဘူးတဲ့ စီးစရာ ဒေါက်ဖိနပ်ဘဲ ရှိလို့တဲ့။ သူလည်း နောက်ဆုံးတော့ ဖိနပ်ကြီးကို လက်မှာကိုင်ပြီး တက်ရ တော့တယ်။ ဒီလိုမှ မတက်လည်း တောင်ချွန်းပေါ်ကို ရောက်တော့မှာ မဟုတ်ဘူးလေ။ တစ်ချိန်လုံး သူမှောက်လှဲနေတာ။

သူများတွေကတော့ မှောက်လဲတာ ဘောင်းဘီတွေဘဲ ပေတာ။ ကျန်တဲ့ တစ်ယောက်ကတော့ မျက်နှာတွေပါ ပေရော။ သူ့ကိုကြည့်ပြီး ကောင်မလေးတို့ ရီကြတာပေါ့။ ဒီလိုနဲ့ ကောင်မလေးတို့ကို မီလာတဲ့ အဖွဲ့ကတော့ စပြီး တက်သွားကြရော။ သူတို့ တောင်ချွန်းပေါ် ရောက်တာ ၁၀ မိနစ်လောက်ကြာမှဘဲ ကောင်မလေးတို့အဖွဲ့ ရောက်တော့တယ်။ 

သူတို့ကတော့ သီချင်းတွေတောင် ဆိုနေပြီ။ အမယ်.................... သီချင်းတွေတော့ နားထောင်ကောင်းတာ။ အမောတောင်ပြေတယ်။ အဲ့လိုဘဲလေ ကောင်မလေးတို့က ကံကောင်းတာ သွားလေရာမှာ ဖျော်ဖြေရေးက ပါပြီးသား။ ဟီး......ဟီး

တောင်ချွန်းကိုရောက်တော့ မြို့ရဲ့ အလှတွေကို အပေါ်စီးကနေ ခံစားရင်း အမောတွေ ပြေစေခဲ့တယ်။ တက်လာလို့ မောတာတွေတောင် မေ့ကုန်တယ်။ တကယ်ဘဲ တောင်ကြီးမြို့ရဲ့ အလှဆုံးနေရာက အဲ့ဒီ နေရာဘဲလေ။ 

အချိန်တော်တော်ကြာထိုင်ပြီးမှ ကောင်မလေးတို့အုပ်စု ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာတော့လည်း အဲ့လိုဘဲ ချော်လိုက်တာ။ ထိုင်ပြီးတော့ ဆင်းရတယ်။ 

တောင်အောက်ရောက်တော့ ပြန်ရင် ယူပြန်မယ်ဆိုတဲ့ မီးပုံးပျံတောင် မကြည့်နိုင်တော့ဘူး။ စိတ်ဘဲ ရှိတယ်။ လူက မသယ်နိုင်တော့ဘူး ကိုယ့်ဘာသာကိုယ်တောင် အနိုင်နိုင် ပြန်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ တောင်က အဆင်းတွေဆိုတော့ ထိန်းလျှောက်ရတော့ ဒူးတွေ ချောင်နေလို့လေ။

ပတ္တမြားဂူ ပြန်ရောက်တော့ လူကလည်း မျောက်ရုပ်ထွက်နေပြီ။ ဘုန်းဘုန်းက ဂူတဲ့ ၀င်တော့ဘူးလား ဒကာမလေးတို့ ပြောတာကို မ၀င်တော့ဘူး ဘုရားကြီး ပြောကြတာ။ ဘုန်းဘုန်းက ရွှေနီငှက်ပျော်သီးတွေ အများကြီးရှိတယ် ဂူထဲမှာ ဆိုမှဘဲ အားလုံး ၀င်ကြတာ။ ငတ်တယ်လေ သိတယ်မလား။

ဘုန်းဘုန်းကျွေးတဲ့ ငှက်ပျော်သီးတွေကို တ၀တဗြဲ စားသောက်ပြီးမှ တောင်အောက်ကို ပြန်ဆင်း လာတယ်။  တောင်အောက်ရောက်တော့လည်း ဒူးခေါင်းတွေက ချောင်နေလို့ ပြန်တာတောင် မနည်း ထိန်းပြီး ပြန်ရတယ်။ 

အိမ်ရောက်တော့ လူလည်း မလုပ်နိုင်တော့ဘူး ။ ခြေ၊ လက်ဆေးပြီး အိပ်လိုက်တာ မနက်လင်းမှဘဲ နိုးတော့တယ်။ ကောင်မလေးရဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ပုံကတော့ နိုးလာတဲ့ မနက်ခင်းမှာ တောင် ခြေထောက်တွေ ထောင့်နေတာ လှေကားတောင် ကောင်းကောင်း မဆင်းနိုင်ဘူး။

သူငယ်ချင်းတွေလည်း ဒီလိုပါဘဲ။

ဒါပေမယ့်လည်း ပျော်တယ်လေ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတယ်။

No comments:

Post a Comment