“ မေမေ....ဒီအဘွားကြီးကို ရိပ်သာပို့ရင်ပို့၊ မပို့ရင်လည်း
သူ့သားအကြီးဆီမှာ သွားနေခိုင်းလိုက်ပါ မေမေ။ သမီးတို့တွေဘဲ ဒုက္ခခံနေရတာ
သူတို့ကို တခါတလေလောက်တော့ ဒုက္ခခံခိုင်းလိုက်ပါအုံး။ သူတို့အမေဘဲဟာ။ မေမေ
တယောက်ထဲ သူ့သား/သမီးမှ မဟုတ်တာ။ မေမေ သမီးတော့ ဒီဒုက္ခတွေကို
မခံစားနိုင်တော့ဘူး....။ စိတ်ကုန်နေပြီ.... မေမေ သူ့သားကြီးဆီ
ပို့လိုက်နော်......”
သမီးပြောသွားတဲ့ စကားကြောင့် ကျမ
တော်တော်လေး စိတ်မကောင်းဖြစ်သွားပါတယ်။ ဒီသမီးတယောက်ကလေ ဆုံးမသလောက်လဲ
မှတ်မထားဘူး။ သူ့အဘွားကိုဆို ကြည့်မရ ဖြစ်နေတာ။ သမီးကြီးကို ချော့တခါ၊
ခြောက်တလဲနဲ့ ဆုံးမသော်လည်း သမီးကြီးက နားမ၀င်။ ကျမ ဆူလိုက်တိုင်းလည်း
သူ့အဘွားကို ပိုပြီး မုန်းတီးလာမှာကို ကြောက်ရတယ်။
အော်....ဒီသမီးတယောက်ထဲအတွက်လည်း ခက်ပါတယ်...။ သမီး က နားမလည်လေလေ ကျမက
သမီးကြီးအတွက် ပိုစိုးရိမ်လေ ဖြစ်လာရတယ်။ ၀ဋ်ဆိုတာ လည်တတ်တယ်လေ.....
မေမေက
အသက် (၉၀)ကျော်အရွယ်ရှိနေပြီ။ အသက်လေးရလာတော့ ငယ်မူ ပြန်လာတယ်။ လမ်းလဲ
မလျှောက်နိုင်တော့ဘူး။ ငယ်မူ ပြန်တော့ အိုးဗုတ်တွေနဲ့ဆော့တယ်။ ကလေးတွေကို
ခေါ်ဆော့တယ်။ အင်ကျီအကောင်းတွေကိုလည်း တစစီဗြဲပြီး
အသစ်ပြန်ချုပ်တတ်တယ်။မေမေက ငယ်ငယ်လေးကတည်းက အင်ကျီချုပ်ရတာကို ၀ါသနာပါတယ်။
အရုပ်ကလေးတွေကို အင်ကျီချုပ်ပေးမယ်ဆိုပြီး အင်ကျီ အသစ်တွေကို ဗြဲပြီး
ပြန်ချုပ်တတ်တယ်။ အခုလည်း သမီးကြီး မနေကမှ ၀ယ်လာတဲ့ အင်ကျီကို အဗြဲဆိုပြီး
ကတ်ကြေးနဲ့ ညပ်ကာ ဟိုတစ၊ ဒီတစနဲ့ ပြန်ချုပ် နေတယ်။
ကျမ
သမီးကို ခေါ်ပြီး “ သမီး....သမီးဘွားဘွားက သမီးတို့လို မဟုတ်ဘူး။ သူက
အသက်ရလာတော့ ငယ်မူပြန်သွားတာ။ သမီးတို့ ကိုယ်ချင်း စာပေးပါ။ သမီးလည်း
သူ့လို အသက်အရွယ်ရလာရင် သူလိုဘဲ ဖြစ်လာမှာ။ အဲ့ခါကျရင် သမီးကို
ငြိုငြင်ကြလိမ့်မယ်။ သမီး ၀ဋ်လည်တတ်တယ်။ ဘွားဘွားကို ကြင်နာပါ
သမီးရယ်........”
ကျမ ပြောဆို ဆုံးမနေသည်ကို သမီးက မကြားသလိုနဲ့ ထွက်သွားပါတော့တယ်......
တရက်.....ကျမ
အပြင်က ပြန်လာတဲ့အချိန်မှာတော့ မေမေက အိမ်အပြင် ခြံတခါးရှေ့မှာ
သူ့ခုံလေးပေါ်မှာ ထိုင်ကာ ၀မ်းနည်းပက်လက် ငိုကြွေးနေတာကို တွေ့ရပါတယ်။
ကျမလည်း မေမေကို မြင်ရော....“ မေမေ ဘာဖြစ်လို့ ခြံရှေ့ရောက်နေတာလဲ.........
သမီးကြီးကော.. သမီးကြီး..... လာနေခိုင်းတာလား.....။ ရေတွေလည်း
စိုနေပါလား....မေမေ.... ဘာဖြစ်လို့လဲ......”
ကျမမေးနေသည်ကို
မေမေမှာ ပြန်မဖြေ..... မေမေက ငိုပြီး ကျမကို တိုင်ပြောပါတယ်။ မေမေသည်
ငယ်မူပြန်ကတည်းက သမီးကြီး ခေါ်သလိုဘဲ ကျမကို မေမေလို့ ခေါ်ပြီး သူကိုယ်သူတော့
သမီးလို့ သုံးနှုန်းတတ်တယ်။ အခုလည်း “ မေမေ..... သမီးကြီးကလေ..
သမီးအိမ်သာတက်ချင်တာကို လိုက်ပို့ပေးပါဆိုတာကို မအားဘူး.....
ကိုယ်ဘာသာကိုယ်သွားတဲ့.... သမီးက ငယ်သေးတော့ လမ်းမှ မလျှောက်တတ်သေးတာ.....
ဘယ်လိုလုပ် သွားမှာလဲလို့ ပြန်ပြောတော့... သမီးကြီးက မသွားတတ်လဲ
အောင့်ထားတဲ့....... သမီးလည်း အစကတော့ အောင့်ထားပါသေးတယ်.....နောက်ဆုံးတော့
မရတော့ဘူး....ထွက်ကျကုန်တာပေါ့..... အဲ့တာကို သမီးကြီးက နံ့လို့ဆိုပြီး
ခြံပြင်မှာ လာထုတ်ထားတယ်......... သမီး...... ညစ်ပတ်နေပြီ.... သမီးကို
ရေချိုးပေးနော်....မေမေ..... ပြီးရင် သမီးကြီးကိုလည်း ရိုက်ပေး....
မေမေမရှိရင် သမီးကြီးက သမီးကို အရမ်းအနိုင်ကျင့်တာဘဲ.......”
မေမေ
ပြောလိုက်တဲ့ စကားလုံးတွေက ကျမ ရင်ကို နာကျင်စေပါတယ်။ သမီးကြီးကိုလည်း
စိတ်ဆိုးတယ်။ သမီးကြီး ဒီလောက်ထိတော့ မလွန်သင့်ဘူး......။
သူ့အဘွားတယောက်လုံးကို ဒီလောက်ထိ ရက်စက်ရက်သတဲ့လား..... ။ သမီးကြီးကိုတော့
ကောင်းကောင်း ဆုံးမမှ ရတော့မယ်.......။
မေမေကို အရင်ဆုံး
ရေချိုးသန့်စင်ပေးပြီး အခန်းထဲကို လိုက်ပို့တယ်။ မေမေ ထမင်းဆာနေပြီ ဆိုပြီး
ခူးခပ်ကျွေးကာ အိပ်ခိုင်းခဲ့တယ်။ သမီကြီး အခန်းထဲကို သွားကြည့်တော့
သမီးကြီးက စာအုပ်ဖတ်နေတာကို တွေ့ရပါတယ်။ ကျမလည်း “ သမီးကြီး....သမီး တအား
တရားလွန်သွားပြီနော်..... သမီး...ဘွားဘွားကို ဒီလောက်ထိ
မစော်ကားသင့်ဘူး..... သူက သမီးဘွားဘွားဘဲ.... တစိမ်းတယောက်မှ မဟုတ်တာ။
သူ့မသွားနိုင်တော့လို့ သမီးကို ခေါ်တာ သမီးလိုက်ပို့ပေးသင့်တယ်။ အမြဲ
လုပ်ပေးနေရတာလဲ မဟုတ်ဘူး.... ဒီတရက်လေးဘဲ မေမေ မရှိတာနဲ့ .... သမီး....
လုပ်ပေးသင့်တယ်.....။ သက်ကြီးသူကို ပြုစုရတာ သမီးကုသိုလ် အများကြီး
ရပါတယ်....။ ”
“ အို....မေမေကလည်း မလုပ်ပေးနိုင်ပါဘူး....
ဒီအဘွားကြီးကို မနိုင်ပါဘူး....။ ပြီးတော့ အနံ့လည်း မခံနိုင်ဘူး....။
သမီးမလုပ်ပေးနိုင်ဘူး... မေမေရဲ့ အမေဘဲ မေမေ ဘဲ လုပ်ပေးလိုက်ပေါ့.......
သမီးကတော့ လုံးဝ မလုပ်ပေးနိုင်ဘူး.....”
သမီးကြီး
အပြင်ကို ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားပါတယ်။ ကျမမှာ သမီးကြီးကို
စိတ်ဆိုးလွန်းလို့ သမီးညည်း ၀ဋ်လည် လိမ့်မယ်လို့ ပြောခဲ့မိတယ်။
သမီးကားနဲ့
ထွက်သွားပြီး မကြာပါဘူး... ဖုန်းဝင်လာပါတယ်။ သမီးကြီး ကားအက်စီးဒင့်
ဖြစ်တယ်ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဆေးရုံကိုရောက်တော့.... ကျမ
ကြားလိုက်ရတဲ့ သတင်းက သမီး... ခြေထောက်လုံးဝ လှုပ်ရှားလို့ မရတော့ဘူး
ဆိုတာပါဘဲ..
သမီးကြီးကို အိမ်ခေါ်လာခဲ့တယ်။ သူနာပြုပါ ဌားလာခဲ့ရတယ်။ ကျမလည်း မေမေကို ပြုစုရတာက တစ်ဖက်ဆိုတော့ မနိုင်တော့ဘူးလေ..
ဒီအချိန်မှာတော့ သမီးကြီးက ၀ှီးချဲနဲ့ ဖြစ်သွားပါတယ်။ သမီးကြီးက... မေမေကိုမြင်တိုင်း.....
“
ဘွားဘွား ....သမီးလေ... ဘွားဘွားဝဋ်တွေ လည်နေပီ သိလား...... သမီး
ဘွားဘွားကို ပစ်မှားမိလို့ ..... သမီး ၀ဋ်လည်နေပြီ ဘွားဘွားရဲ့...
သွားချင်တာတောင် သူများ အကူအညီယူမှ သွားလို့ရတဲ့ ဘ၀ ဖြစ်သွားပြီဆိုပြီး...”
မျက်ရည်တွေ ကျတတ်ပါတယ်...
မေမေက... သမီးကြီးရဲ့
ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးကာ “ သမီးကြီး ဘာလို့ငိုတာလဲ....
ကစားချင်လို့လား။ အဖော်မရှိလို့လား...
အင်ကျီအသစ်မရလို့လား.......မငိုနဲ့နော်..... သမီးကြီး ငိုရင် သမီးလည်း
ငိုချင်တယ်.....မေမေလာမှ သမီးကြီးအတွက် မုန့်ရယ်၊ ကစားစရာရယ်....
များများဝယ်ခိုင်းလိုက်မယ်နော်......။ မငိုနဲ့ ကြားလား.....” တဲ့
No comments:
Post a Comment