Myanmar Calendar

Thursday, July 12, 2012

တချိန်က ချစ်သူ

နင့်အကြောင်းကြားလို့ ငါဝမ်းနည်းမိတယ်ဆိုရင် နင်ငါ့ကိုများ လှောင်ပြုံးပြုံးအုံးမလား။ ဒါမှမဟုတ် ငါ့ကိုဘဲ ဒါက မင်းရွေးသွားတဲ့လမ်းဘဲ မင်းပျော်အောင်နေပေါ့ဆိုပြီး ပြောမလား....။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တကယ်ကို ငါရှက်မိပါတယ်။ တကယ်ဆို ငါကစပြီး နင့်အနားက ထွက်ခွာခဲ့တဲ့သူဘဲ........

နင် ဒီအချိန်မှာ ဘာဖြစ်နေနေ ငါနဲ့ မဆိုင်တော့ဘူးပေါ့...။ နင့်အနားက ထွက်ခွာလာခဲ့တာ (၆)လကျော်ခဲ့ပြီ။ တကယ်ကို ငါမေ့ပစ်ဖို့ အချိန်တန်ခဲ့ပြီ.........

ငါ့ကလည်း အတိတ်ဆိုတဲ့အရာတခုကို သတိမရချင်ပါဘူး......အထူးသဖြင့် နင်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ လေးနှစ်ဆိုတဲ့ အချိန်တွေကိုပေါ့.....

လွန်ခဲ့တဲ့ လေးနှစ်က....


နင်နဲ့ငါနဲ့က သူငယ်ချင်းတွေ မိတ်ဆက်ပေးရင်း အွန်လိုင်းမှာ စခင်ခဲ့ကြတယ်။ ငါတို့နှစ်ယောက် တယောက်ကို တယောက် အပြင်မှာ မမြင်ဖူးကျပေမယ့် အရမ်းကို ခင်ခဲ့ကြတယ်။ နင်က ငါထပ်တော့ အသက်ကြီးတာပေါ့....။ ဒီတော့ နင့်က ငါ့အပေါ်မှာ ညီမလေးတယောက်လို၊ သူငယ်ချင်းကောင်း တယောက်လို၊ ဖခင်တယောက်လို အမြဲ ဂရုစိုက်ပြီး အမြဲ နားလည်ပေးတတ်ခဲ့တယ်။ ငါ သူများတွေနဲ့ စိတ်ကောက်တိုင်း ငါမှားလည်း နင်က ငါမှန်တယ်ဘဲ အမြဲ ငါ့ဘက်က ရပ်တည်ပေးခဲ့တယ်လေ။ 

တရက်မှာတော့ ငါတို့ vzo ဆိုတဲ့ ရုပ်လဲမြင်ရတယ်၊ စကားလဲပြောလို့ရတဲ့ software တခုမှာ ငါတို့နှစ်ယောက် တယောက်ကို တယောက် တွေ့ဆုံခဲ့ကြတယ်.......

ငါသိပ်ခင်တွယ်နေတဲ့ နင်က သူများတွေလို အချောကြီးမဟုတ်ပေမယ့် ကြည့်ကောင်းတဲ့အထဲမှာတော့ ပါမယ်ထင်တယ်။ နင်ကလည်း ငါ့ကိုပြောခဲ့တယ်လေ.....`` ညီမလေးက မချောဘူး...ဒါပေမယ့် ချစ်ဖို့တော့ ကောင်းတယ်တဲ့ ´´

ငါတို့နှစ်ယောက် အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ငါတို့နှစ်ယောက်ကြားက သံဃောဇဉ်တွေကတော့ ငယ်သူငယ်ချင်းတွေ ထပ်ကို ပိုခဲ့ပါတယ်။.....ငါတို့နှစ်ယောက် မနက်တိုင်း ဖုန်းပြောဖြစ်တယ်....ညနေတိုင်း vzo ပြောဖြစ်ခဲ့တယ်........

နင့်အကြောင်းတွေကို က ကနေ အ အထိ ငါသိသလို ငါ့အကြောင်းတွေကိုလည်း နင်က သိနေခဲ့တယ်.... တခါတလေဆို ငါ့အနီးဆုံးမှာရှိနေတဲ့ ငါ့သူငယ်ချင်းတွေတောင် ငါစိတ်က ဘယ်လိုဖြစ်နေတယ်ဆိုတာ သူတို့ မသိကျဘူး...နင်က သိနေခဲ့တယ်......

ဒီလိုနဲ့ ငါတို့ခင်လာတာ ကြာတော့ ငါတို့နှစ်ယောက်လုံးက မရိုးသားကြတော့ဘူးလေ...

နင့်ဘက်ကလဲ ငါနဲ့ဖုန်းပြောဖြစ်တဲ့ အချိန်တွေဆို ငါ့ကို မရိုးမသားစကားတွေ နည်းနည်း အရိပ်အယောင်လေးနဲ့ ပြောခဲ့သလို ငါဘက်ကလည်း နင့်အပေါ်မှာ စိတ်ဝင်စားတဲ့ စကားတွေ ပြောဖြစ်ခဲ့ကြတယ်.....

ကြာလာတော့ ငါ့တို့နှစ်ယောက် ပွင့်ပွင့်လင်းလင်းဘဲ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်......

ငါ့တို့တွေ မမြင်ဖူးပေမယ့် ငါတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လေ.....

ငါက နင့်ကို ငါဆီလာခဲ့ဖို့ပြောတိုင်း နင်ဘက်က နင့်အလုပ်တွေ ပစ်ထားခဲ့လို့ မရကြောင်း၊ နင်မရှိရင် မဖြစ်ကြောင်း၊ နင့်အလုပ်တွေ လက်လွဲလို့ ရခဲ့ရင် ငါ့ဆီကို ချက်ချင်း လာခဲ့မယ်လို့....အသနားခံ တောင်းပန်တတ်တယ်.....

ဒီတော့....နင့်ကို သိပ်ချစ်တတ်တဲ့ ငါ့ကလည်း နင့်ကို နားလည်ပေးခဲ့ရတာပေါ့.......

ငါအလုပ်က အွန်လိုင်းနဲ့ ပတ်သက်တဲ့အလုပ်ဆိုတော့....ငါအွန်လိုင်းမှာ အမြဲရှိတဲ့အခါ နင့်က ငါ့ကို စိတ်ပူတတ်တယ်....
ဒါပေမယ့် နင်စကားတခွန်းတော့ အမြဲပြောခဲ့တယ်လေ....

ကိုတို့နှစ်ယောက်ကြားမှာ သံဃောဇဉ်ရယ်၊ ယုံကြည်မှုရယ်ဘဲရှိတာ....ဒီတော့....ယုံကြည်မှုကို ဘယ်တော့မှ အလွဲသုံးစား မလုပ်မိပါစေနဲ့ တဲ့....

ငါ့ကလည်း နင့်ကို သိပ်ချစ်တဲ့လူတယောက်ဘဲဟာ....

နင်ဘာပြောပြော ငါ့က လိုက်နာတတ်တယ်.....ယုံကြည်ခဲ့တာဘဲ.....

ဒီလိုနဲ့ ငါတို့နှစ်ယောက် ချစ်သူသက်တမ်း (၃)နှစ်ကျော်မှ ငါ့တို့ တယောက်ကို တယောက် အပြင်မှာ မြင်ဖူးခဲ့ကြတယ်.....

ငါတို့အပြင်မှာ မြင်ဖူးခဲ့တော့လည်း...ပထမဆုံးအကြိမ်ဆိုပေမယ့် နင့်ကိုတွေလိုက်ရတဲ့အခါ....ငါနင့်ကို အလိုလို သိနေတယ်......နင်ကလည်း ငါ့ကို အလိုလို သိနေခဲ့တာပါဘဲ....

ငါတို့နှစ်ယောက်က အမြဲစိတ်ချင်းဆက်တယ် ဆိုပါတော့......

ငါတို့တယောက်ကို တယောက်တွေ့ပြီး....နင်ပြန်သွားချိန်မှာတော့....တကယ်ကို မခွဲနိုင်ကျဘူး.....

ဒါပေမယ့် ငါ့တို့နီးစပ်ဖို့မှ မဖြစ်နိုင်သေးတာ....ခဏတော့ ခွဲရအုံးမှာပေါ့ဆိုတဲ့ အတွေးတွေနဲ့ နှစ်သိမ့်ခဲ့ရတယ်.....

ငါ့တို့တချိန်ချိန်မှာ နီးစပ်ခဲ့မယ်....အတူရှိခွင့်ရခဲ့မယ်လို့ ငါယုံကြည်ခဲ့ပါတယ်......

ဒီလိုနဲ့ ငါတို့ချစ်သူသက်တမ်း လေးနှစ်ပြည့်ခဲ့ပြန်ပီပေါ့........

ငါတို့ချစ်သူသက်တမ်း (၄)နှစ်နဲ့ (၃)ရက်မှာတော့.......

ငါ့ဆီကို ကောင်မလေး တယောက်က ဖုန်းဆက်လာခဲ့တယ်လေ.....

သူက နင်နဲ့ ပတ်သက်ကြောင်း၊ နင့်နဲ့ အနီးဆုံးမှာ အခု သူရှိနေကြောင်းပေါ့.....

ဒါပေမယ့် ငါက နင့်ကို ယုံကြည်ခဲ့ပါသေးတယ်.......ဒီတော့ ကောင်မလေးပြောသမျှတွေကို နားထောင်ပြီး ဘာမှ ပြန်မပြောဘဲ ဖုန်းချပစ်ခဲ့တယ်....

နင့်ကိုလဲ ငါမမေးရက်ခဲ့ပါဘူး......ဘာမဟုတ်တဲ့ကိစ္စလေးတခုကြောင့် ငါတို့နှစ်ယောက်ကြားမှာ ကွာဟမှုလေး နည်းနည်း ဖြစ်သွားမှာဆိုးလို့.......နောက်တခုက နင်စိတ်ရှုပ်သွားမှာဆိုးလို့.....ငါတယောက်ထဲ ကြိတ်မှိတ်မျိုသိမ့်ခဲ့ရတယ်......
ဒီကြားထဲမှာလည်း ငါတို့နှစ်ယောက် ပုံမှန်အတိုင်းဘဲ ဖုန်းပြောမပျက်၊ vzo ပြောမပျက်ခဲ့ပါဘူး.....ဒီတော့ ငါ့ရဲ့ သံသရ နည်းနည်းလေးကလဲ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်ပေါ့......

တရက်မှာတော့....ငါနဲ့ နင့်အကြောင်းကို တော်တော်လေး သိနေခဲ့တဲ့....နင်သူငယ်ချင်းတွေကကော...ငါသူငယ်ချင်းတွေကကော နင်တခြားကောင်မလေးတယောက်နဲ့ အခုတလော တွဲသွား တွဲလာ လုပ်နေတယ်လို့ ငါကို ပြောခဲ့ကြတယ်........

ဒါပေမယ့် ငါမယုံခဲ့သေးပါဘူး..... ငါ့နင့်ကို အဲ့အချိန်ထိ ယုံကြည်ခဲ့ပါသေးတယ်.......

နင့်သူငယ်ချင်းတယောက်က ငါ့ကို နင်ကောင်မလေးနဲ့ ပြုံးပျော်နေတဲ့ ဓါတ်ပုံပြခဲ့တယ်...

ဒါပေမယ့်....ငါ သူတို့ရှေ့မှာတော့ နင့်ကို မယုံဘူး...ဆိုတဲ့ စကားတခွန်းမှ မပြောခဲ့ဘူး.....

နင်မှားတယ်...မှန်တယ်ဆိုတာလဲ....ငါမဝေဖန်ခဲ့ဘူး......

ဘာလို့လဲဆိုတော့.....ငါကိုယ်တိုင်လဲ .....ဘာမှ မဆုံးဖြတ်ရသေးလို့လေ.......

သူငယ်ချင်းတွေကြားမှာ ဟန်လုပ်ပြီး ပြုံးပြနေထိုင်ခဲ့ပေမယ့်.....ငါ့အဲ့ည တညလုံးတော့....အိပ်လို့မရခဲ့ဘူး....

တညလုံး....နင့်အကြောင်းတွေးလိုက်.......နင့်ကိုငါခွဲနိုင်မလား တွေးလိုက်၊ နင့်နဲ့ ဖုန်းမပြောဘဲ နေနိုင်ပါ့မလား...တွေးလိုက်၊ နင့်ကို စွန့်လွှတ်ပစ်ဖို့ အင်အားရှိရက်လား...တွေးလိုက်နဲ့......အတွေးပေါင်းများစွာနဲ့ တညလုံး ငိုနေခဲ့တာ....နင်မှ မသိခဲ့တာဘဲ......

မနက်လင်းတော့ နင်က ငါ့အသံမကြည်လင်တာကို....နေမကောင်းဘူးလားဆိုပြီး......စိတ်ပူစွာနဲ့....ငါ့ကို စိုးရိမ်ခဲ့သေးတယ်လေ.......

ငါ့မှာ နင့်အသံကြားတော့.......နင်မကြားအောင် ဖုန်းခွက်ကိုပိတ်ပြီး အသံတိတ်ငိုနေခဲ့တာ....နင့်မှမသိတာ......

အဲ့မနက်ဖုန်းပြောခဲ့တာ...နင်နဲ့ငါ နောက်ဆုံးဘဲဆိုတာ.....ငါကိုယ်တိုင်ဘဲသိတယ်.....နင့်ဆီက ငါ့အပေါ် ဂရုစိုက်မှုတွေ ရခဲ့တာ...ဒီနေ့ နောက်ဆုံးဘဲဆိုတာ ငါကိုယ်တိုင်ဘဲ သိခဲ့တယ်လေ.....

နောက်ရက်တွေမှာတော့....ငါနင့်ဆီကို အဆက်အသွယ်မလုပ်တော့ဘူး....နင်သိတဲ့ ဖုန်းနံပါတ်တွေ....နင်သိတဲ့ ငါရဲ့အကောင့်တွေကို....ငါလုံးဝ ပြောင်းလဲပစ်ခဲ့တယ်.....

နင့်ဆီကတော့....ငါ့ကို အမြဲ အဆက်သွယ်လုပ်ခဲ့ကြောင်း သူငယ်ချင်းတွေဆီက တဆင့် ကြားခဲ့ရပါတယ်.....

ကြားခဲ့တိုင်းလည်း....ငါ..လူမမြင်အောင် အမြဲ မျက်ရည်ကျခဲ့ရတယ်.....

အဲ့လိုကြားတိုင်းလည်း...ငါ့နင့်ကိုအ ရမ်းလွမ်းတယ်......

ဒါပေမယ့်.....နင်နဲ့ငါနဲ့က မဖြစ်နိုင်တော့ဘူးလေ...

ဘာလို့လဲဆိုတော့.......

ယုံကြည်မှုဆိုတာ စာရွက်တရွက်လိုဘဲ ကြေသွားပီဆိုတာနဲ့ ဘယ်လိုပဲ ဖြန့်ဖြန့် နဂိုအတိုင်း ပြန်မဖြစ်တော့ဘူး.....

ဟုတ်တယ်.....

ငါ့နင့်အနားမှာနေပြီး...နင့်အပေါ်မှာ အမြဲ သံသရ မျက်စိနဲ့ ငါမကြည့်နေချင်ဘူး...နင့်ကို မယုံကြည်ရတော့...နင့်အတွက်လည်း ငါအမြဲ စိတ်ပူရတဲ့ ခံစားချက်မျိုးကို မခံစားနိုင်ဘူး........

ဒီတော့.....

ငါ...နင့်အနားကနေ ထွက်ခွာခဲ့တာ....အကောင်းဆုံးဘဲမဟုတ်လား.........








1 comment: