Myanmar Calendar

Monday, September 26, 2011

မိသားစု

ကျမနာမည်က မေမြတ်နိုး။ မေမြတ်နိုးဆိုတဲ့ နာမည်လေးကို ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ် က ပေးခဲ့တာပါ။ ကျမဘ၀ရဲ့ တစ်ဦးတည်းသော အကို။ တစ်ချိန်တုန်းကတော့ ကျမတို့ ဘ၀လေးက မိသားစု ဆိုတဲ့ ဝေါဟာရကို အပြည့်အ၀ လက်ခံထားတဲ့ မိသားစုလေးပေါ့။ ဒါပေမယ့် ကျမရဲ့ ဆိုးသွမ်းမှုလား၊ မိုက်ရူး ရဲဆန်မှုလား၊ ဒါမှမဟုတ် လူငယ်တစ်ယောက်ရဲ့ ၀ါသနာ ကြောင့်များလားတော့ သေချာ ဝေဖန် ခွဲခြား မသိနိုင်ခဲ့တဲ့ ဆန္ဒလေးတစ်ခုကြောင့်ဘဲ ကျမ မိသားစု ဆိုတဲ့ အသိုက်အမြုံလေးကနေ ခွဲထွက်လာခဲ့မိတယ်။

ကျမ စာရေးဆရာမ တစ်ယောက်ဖြစ်ချင်တယ်။ နယ်မြို့လေးမှာနေရင် ကျမရဲ့ ဘ၀မတိုးတက်ဘူး ထင်ခဲ့ မိတယ်။ ကျမ အခုဆို ရန်ကုန်ကို ရောက်ခဲ့တာ တော်တော်လေးကို ကြာခဲ့ပြီ။ ကျမ နယ်ကနေ ထွက်ခွာလာ မယ့်အချိန်မှာ ကျမရဲ့ မေမေကတော့ မျက်ရည်လေးဝဲတဲတဲနဲ့ သမီးရယ် မကြာခဏ ပြန်လာပါတဲ့။ ကိုကို ကတော့ ကျမ ကို ကိုယ်လိုချင်တဲ့ ဘ၀ကို မဖြစ်မနေ ကြိုးစားပါတဲ့။ ကိုကိုလည်း မကြာခဏ ဆိုသလို လာခဲ့မှာပါတဲ့။ ဖေဖေကတော့ ကျမကို ဘာမှမပြောဘဲ ခေါင်းလေးကိုသာ ဖွဖွလေး ပွတ်ပြီး အောင်မြင်မှာပါ တဲ့။

ဒီလိုနဲ့ဘဲ ကျမ ရန်ကုန်မှာ အခြေချပြီး ကျမဖြစ်ချင်တဲ့ စာရေးဆရာမဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဘ၀တိုးတက်မှု အတွက်လည်း သင်တန်းတွေတက်ခဲ့တယ်။ အခုဆို ကျမ သိပ်ဖြစ်ချင်တဲ့ စာရေးဆရာမ ဖြစ်ခဲ့ပြီ။ သိပ်အောင်မြင်တဲ့ သူတစ်ယောက်တော့ မဟုတ်ပေမယ့် စာအုပ်တွေထဲတွင် တစ်ပုဒ်စ နှစ်ပုဒ်စ ပါလာတတ်ပြီ။ 

ကျမကြိုးစားသမျှ အရာထင်ခဲ့ပြီပေါ့။ နယ်ကနေတော့ မေမေတို့၊ ကိုကိုတို့တော့ လာတတ်ပေမယ့် ဖေဖေ ကတော့ လိုက်မလာနိုင်ဘူး။ တခါတခါတော့လည်း ကျမ မိသားစုဆိုတဲ့ နွေးထွေးတဲ့ အသိုက်အမြုံလေးကို တော်တော်လေး တပ်မက်ခဲ့တယ်။ ကျမ တယောက်ထဲ အထီးကျန်တဲ့ ရက်ပေါင်း များလာသော ပိုဆိုးခဲ့တယ်။ မိသားစုရဲ့ အနှစ်သာရရှိတဲ့ အနွေးထွေးဆုံး အသိုက်အမြုံကို အရမ်းလွမ်းခဲ့တယ်။ 

တစ်ရက်မှာတော့ ကျမ အလုပ်ကိစ္စနဲ့ သူတစ်ပါး နိုင်ငံကို ခေတ္တသွားရမယ့် အလုပ်ပေါ်လာတယ်။ ကျမလည်း တစ်ပါး နိုင်ငံခြားသို့ မသွားခင်  မေမေတို့ဆီ ခဏပြန်မယ်လို့ ဆုံးဖြတ်ပြီး နယ်ကို ပြန်ခဲ့တယ်။  မေမေတို့ကို လည်း ကြိုဖုန်းမဆက်တော့ဘဲ အံသြ၀မ်းသာစေချင်လို့ တိတ်တိတ်လေးဘဲ လာခဲ့တယ်။

ကျမ ကိုယ့်မွေးဖွားရာ ဇာတိမြေကို ပြန်ရမယ်ဆိုတော့ စိတ်တွေက လန်းဆန်းတက်ကြွနေတာ အရမ်းပါဘဲ။ ကျမ တစ်လမ်းလုံး စဉ်းစားလာခဲ့တယ်။ အိမ်ပြန်ရောက်ရင် မေမေတို့က အံသြစွာနဲ့ ကျမကို ကြိုဆိုနေပ့ါ မလား ၊ မေမေရဲ့ အံသြ၀မ်းသာနေတဲ့ မျက်နှာနဲ့၊ ဖေဖေရဲ့ ပီတိအပြုံး၊ ကိုကိုရဲ့ နွေးထွေးမှုတွေကို ကျမ မြင်ယောင်ရင်း ကားပေါ်မှာ တစ်ယောက်ထဲ ပြုံးနေမိခဲ့တယ်။ 

ကျမတို့ ဇာတိမြေ၀င်တာနဲ့ လေနုအေးလေးတွေက ကျမကို ကြိုဆိုနေတယ်။ နှစ်များစွာ မရောက်ဖြစ်ခဲ့တဲ့ ကျမကို သူတို့တွေက စိမ်းမသွားဘဲ နွေးနွေးထွေးထွေး ကြိုဆိုနေတဲ့ နေကြာပန်းတွေ၊ လယ်ကွင်း စိမ်းစိမ်း တွေပေါ့။

ကျမ ဌားလာတဲ့ တက္ကဆီကို အိမ်အရောက်မပို့ခိုင်းဘဲ လမ်းထိပ်မှာသာ ရပ်ခိုင်းလိုက်တယ်။ မေမေတို့ အံသြ အောင်ပေါ့။ ကျမ အိမ်ခြံဝန်းရှေ့သို့ ရောက်တာနဲ့ ကျမ ကို သိပ်ချစ်တဲ့ အိမ်ကို လုံခြုံမှုပေးတဲ့ ဖြူမ က ကျမကို အမှီး တစ်လှုပ်လှုပ်နဲ့ ကြိုဆိုနေလေရဲ့။ ကျမလည်း ငယ်ငယ်က ကျမနဲ့ ကိုကို ပြေးလွား၊ ပုန်းခို ခဲ့ဖူးတဲ့ အိမ်အနောက်ဘက် တံခါးလေးကို လှမ်းခဲ့တယ်။ 

ဒီလိုအချိန်ဆို ကျမတို့ မိသားစုရဲ့ အင်မတန်မှ နွေးထွေးလှတဲ့ မိသားစု ထမင်းစားချိန်ပေါ့။ ကျမ ခွဲခွာခဲ့တာ ကြာပေမယ့် ဒီလိုအချိန်ဆို အမြဲ အမှတ်ရဆဲပါဘဲ။ ကျမ အနောက်ဘက် အပေါက်ကနေ တိတ်တိတ်လေး ၀င်ခဲ့ပေမယ့် ဘယ်သူမှ မတွေ့သေးပါလား။ မေမေတို့ ထမင်းဝိုင်း ပြင်နေတယ် ထင်ပါရဲ့။ မီးဖိုထဲသို့ ၀င်လာခဲ့စဉ်မှာ ကျမ ထင်သလိုပါဘဲ မေမေက ထမင်းစားဖို့ ထမင်းဝိုင်းတွေ ပြင်နေပြီး ကိုကိုကတော့ မေမေကို ကူညီနေလေရဲ့။ ကျမ၀င်လာတာကို ဘယ်သူမှ မမြင်။ ကျမလည်း မေမေရဲ့ ခါးကို အနောက်ကနေ လှမ်းဖက်လိုက်တဲ့အချိန်မှာ

မေမေက “ ဟဲ့ အမယ်လေး ပလုတ်တုတ်၊ ဘယ်သူတုန်း၊ သားကြီးလား။ ဘာအရူးထတာလဲ သား မေမေအလုပ်လုပ်နေတယ်။ လွတ်စမ်း ” ဆိုတဲ့ အမေရဲ့ အသံက ကျမရဲ့ ဘ၀အမောတွေကို ပြေစေခဲ့တယ်။ ကျမ မလွတ်ဘဲ အမေကို ဖက်ထားလိုက်တယ်။ 
မေမေကတော့ လက်ကို ဇွတ်အတင်း ဖယ်ခိုင်းပြီး ကျမ ကို လှည့်ကြည့်လိုက်တော့ မေမေရဲ့ အံသြပြီး ၀ိုင်းစက် သွားတဲ့ မျက်လုံးတွေ၊ ကိုကို ကိုင်ထားတဲ့ ဇွန်းတောင် ပြုတ်ကျသွားတဲ့အထိ ကျမကို ကြည့်နေတယ်။ နောက်တော့ ကျမပြုံးပြလိုက်တော့မှ 

ကိုကိုက “ ညီမလေး၊ အမယ်လေး ပြောရောပေါ့ ကိုကို လာကြိုမှာပေါ့။ ” မေမေကလည်း “ အမယ်လေး သမီးရယ်၊ မေမေတို့ လာကြိုမှာပေါ့ ” ဆိုပြီး ကျမကို ဖက်ထားလေရဲ့။ ကျမမှာလည်း နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရတဲ့ မိသားစု ဆိုတဲ့ အရသာ ကို ပြန်ခံစားရပါတယ်။

ထမင်းစားချိန်မှာတော့ မေမေရဲ့ မေတ္တာအပြည့်နဲ့ ထည့်ချက်ထားတဲ့ မေတ္တာဟင်းရယ်၊ ဖေဖေရဲ့ ပီတီအပြုံး ဟင်းချိုရယ်၊ ကိုကိုရဲ့ ဂရုဏာ ထမင်းရယ် အားလုံးပေါင်းစပ်လို့ စားသုံးလိုက်တဲ့အခါ ကျမ ဘ၀အတွက် မိသားစုဆိုတဲ့ ဖွယ်ဖွယ်ရာရာ ထမင်းဝိုင်းကို ပြန်လည် စားသုံးခဲ့ရပါတယ်။







No comments:

Post a Comment