Myanmar Calendar

Tuesday, September 20, 2011

အချစ်ကိုကိုးကွယ်တယ်

'' မေ-- လွမ်းတယ် မေ။ ကော်ဖီခွက်ကိုင်လိုက်တိုင်း ဘေးနားကနေ လာပြောနေတဲ့ ကောင်မလေး တစ်ယောက်ကို လွမ်းတယ် မေ။ ကော်ဖီ ချိုချိုကို အရမ်းမသောက်ပါနဲ့ ဆိုပြီး ပြောနေရင်း ပြောမရလို့ စိတ်ကောက်တတ်တဲ့ နှုတ်ခမ်းစူစူနဲ့ မျက်စောင်းလှလှလေးကိုလည်း လွမ်းတယ်။ မေရယ် အလွမ်းတွေနဲ့ အလွမ်း တစ်ဆင့်ပြီး တစ်ဆင့် တက်နေရလောက်အောင် မေက အလုပ်ပေးခဲ့တဲ့ ဒီကောင် ဘယ်လောက် လွမ်းလဲဆိုတာ မေလှည့်ကြည့်လိုက်ပါ။ မေတွေ့ရပါလိမ့် မေ နောက်မလှည့်ကြည့်ဘဲ ထားခဲ့တဲ့ ဒီကောင် အလွမ်းတွေနဲ့ မေ ထားခဲ့တဲ့ နေရာမှာ မေ့အရိပ်များ ရှိမလားရယ် ဒီကောင် လွမ်းနေရှာ တာ မေသိပါလေ သလား။ မေသိရက်ခဲ့ရင် မြန်မြန်ပြန်လာပါမေ။ ပြန်မလာနိုင်မှန်းသိပေမယ့် မေ့အရိပ်ကို မျှော်နေဆဲပါ မေ။ ''

မေနဲ့ ကျွန်တော် အများတကာတွေလို့ဘဲ အမှတ်မထင် အွန်လိုင်းမှာ စဆုံခဲ့တယ်။ မေကတော့ ရန်ကုန်ကပေါ့။ ကျွန်တော်ကတော့ မေနဲ့ မိုင်ပေါင်းများစွာခြားတဲ့ တောင်ပေါ်ဒေသလေးက။  ကျွန်တော် အွန်လိုင်းစသုံးတတ်အောင် ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ကို သင်ပေးပြီး မေနဲ့ ခင်စေခဲ့တယ်။ ခင်ခါစကလည်း ဒီလောက်ထိ မမြင်ဖူး၊ မတွေ့ဖူးတဲ့ သံဃောဇဉ်ကို တယုတယ စိုက်ပျိုးခဲ့မယ်လို့ ကိုယ်ဘာသာကိုယ်တောင် မထင်ထားခဲ့ဘူး။ ခပ်ပေါ့ပေါ့လေး စသိခဲ့တဲ့ မေနဲ့ ကျွန်တော် သံဃောဇဉ်တွေက တောင်တန်းတွေလိုဘဲ အနိမ့်အမြင့်မတူပေမယ့် တော်တော်ကို မြဲခဲ့တယ်။


မေနဲ့ ကျွန်တော် တစ်ယောက်အကြောင်း တစ်ယောက် တော်တော်လေးကို သိနေပါရော။ မေက ကျွန်တော်ထက် (၃)နှစ်ငယ်တယ်။ မေက (၁၀)တန်းအောင်ပြီးခါစ။ ကျွန်တော်ကတော့ နောက်ဆုံးနှစ်ကို တက်နေသော ကျောင်းသားလေး။  မေက ကျွန်တော်အပေါ် နွဲ့ဆိုးဆိုးတယ်။ ကျွန်တော်ကလည်း ညီမမရှိ၊ အမမရှိ၊ တစ်ကောင်ကြွက်မို့ ညီမလေးအရွယ် မေ့ကို တော်တော် လေး သံဃောဇဉ်ရှိရာမှ တဖြည်းဖြည်းနဲ့ သံဃောဇဉ်တွေ အရောင်းပြောင်းလာတယ်။

ဒီလိုပါဘဲ မေဆိုတဲ့ ကောင်မလေးက ကျွန်တော်ဘ၀ထဲကို အလိုလိုဝင်လာပေမယ့် ကျွန်တော် ဖွင့်မပြောရက်ခဲ့ဘူး။ ကျွန်တော် ထင်ထားတာကလည်း မေကလဲ ကျွန်တော်လိုဘဲ ကျွန်တော်ဘက်မှာ ရှိခဲ့မယ်ထင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်မှာတော့ မေက ကျွန်တော်ကို သူကောင်လေးကို တော်တော်ကို ချစ်နေပါသတဲ့။ မေစကားရယ် ကြားမိပါတော့ ကျွန်တော်မှာ ၀မ်းနည်းရမလို၊ ၀မ်းသာ ရမလိုနဲ့ တော်တော်လေးကို ကတုန်ကရင်ဖြစ်သွားတယ်။ ပါးစပ်ကလည်း အော်ပြောလိုက်ချင်တယ်။ မေရယ်၊ ညီမလေး မင်းကို ကိုကို ချစ်တယ်လို့ ပြောလိုက်ချင်ပေမယ့် မမီတဲ့ပန်း ဖြစ်နေပီလေ။ မေကတော့ တစ်ရက်တစ်ရက် ကောင်လေးအကြောင်းရယ်၊ မနီးစပ်နိုင်တဲ့ သူတို့ဘ၀ အကြောင်းများ ရယ် ပြောမပြီးနိုင်ပါဘူး။ ကျွန်တော်မှာသာ မေ့အတွက် ထိန်းထားခဲ့တဲ့ ဘယ်ဘက် ရင်အုံက တော်တော်ကို နာကျင်ခဲ့ရတယ်။

ဒါပေမယ့် ကျွန်တော် ညီမလေးလိုလဲ ချစ်ရှာတဲ့ မေ့ကို ကျွန်တော် အလိုလိုက်ခဲ့တယ်။ တစ်ရက်မှာတော့ မေက ပြောခဲ့တယ်။ သူတို့ အိမ်က ကောင်လေးနဲ့ သဘောမတူဘူးတဲ့။ မေက စိတ်ညစ်သတဲ့။ သူ့တစ်သက်မှာ တစ်ခါတာ ကြုံဖူးတဲ့ အချစ်ဦးကို မခွဲနိုင်ပါဘူးတဲ့။ သူ ကောင်လေးကို ခွဲသွားရရင် သူသေသွားမှာတဲ့။ မေ့စကားကိုကြားရော ကျွန်တော် မေ့ကို ပြောမိခဲ့တယ်။ မေ့အသက်ထက် ဘာ အရေးကြိးလဲလို့မေးတော့ မေက ပြောရှာတယ်။ ကောင်လေးက အရေးကြီးသတဲ့။ ကျွန်တော် မှာတော့ မေက အသက်ငယ်သေးလို့ မိုက်ရူးရဲ ဆန်မှာကို သိနေပေမယ့် အသက်နမြောလိမ့်မယ် ထင်ထား ခဲ့တယ်။ တရားတွေလည်း ချခဲ့တယ်။ မေကတော့ ကျွန်တော် ပြောသမျှကို ခေါင်းညိတ်က နာခံခဲ့တယ်။

မေ့ကို ကျွန်တော် ကတိပေးခဲ့တယ်။ နောက်အပတ်ထဲ ညီမလေးဆီ အကိုလာခဲ့ မယ်လို့။ မေကလည်း ခေါင်းညိတ်ရှာတယ်။ ကျွန်တော် တို့ ခင်မင်လာတဲ့၊ ကျွန်တော် တိတ်တခိုးဖြစ်လာရတဲ့ ကောင်မလေး မျက်နှာလေးကို မင်္ဂလာမဆောင်ခင်တော့ ကျွန်တော် အ၀ကြည့်ပါ ရစေလို့ စိတ်ထဲကနေဘဲ တိုးတိုးလေးညည်းပြီး ကျွန်တော် ညီမလေးရှိတဲ့မြို့လေးဆီသို့ ကျွန်တော် သွားခဲ့တယ်။ ညီမလေးကလည်း ကျွန်တော်မျက်နှာကို မြင်ဖူးချင်ပါသတဲ့။ 

ကျွန်တော် ညီမလေးနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ (၃)ရက်။ ဒါပေမယ့် ညီမလေးကိုတော့ ကျွန်တော်ပြောထားပါတယ်။ ညီမလေး အားငယ်ချိန်တိုင်း အနားနားမှာ ကိုယ်ရှိတယ်လို့ပေါ့။ ညီမလေး ဘယ်လောက်များအားငယ်နေရှာမလဲ စဉ်းစားမိလို့  ညီမလေးဆီကို ကိုယ်လာပြီလို့ ဆုံးဖြတ်ပြီး ကျွန်တော် ညီမလေးရှိရာ အရပ်သို့ လာခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ညီမလေး ကျွန်တော်ကို မြင်ရင် ငါ့အကိုက လှတယ်ပြောမလား၊ ရုပ်ဆိုးလိုက်တာ ပြောမလားရယ်။ စိတ်ထဲက တွေးပူပြီး ပြုံးနေမိတယ်။ ကျွန်တော် ညီမလေး အိမ်ကို ရောက်တော့မယ်။ ညီမလေးများ ထွက်ကြိုမလားရယ် မချင့်မရဲ့ စိတ်နဲ့ မှန်းကြည့်နေပေမယ့် ညီမလေးပေးတဲ့ လိပ်စာလည်း ရောက်ရော ကြိုဆိုနေပါတယ် ကျွန်တော့်ကို ညီမလေးက။ 


အငိုမျက်လုံးတွေနဲ့ ၊ မျက်နှာမို့အစ်အစ်လေးရယ်၊ နှုတ်ခမ်းနီနဲ့ မိတ်ကပ်လိမ်းခြယ်ထားပါသတဲ့။ ဒါပေမယ့် ညီမလေးမျက်နှာက ပါဝါ ပါးပါး အဖြူရောင်လေးနဲ့ အုပ်ထားပြီး အိပ်စက်နေလိုက်တာ။ ကျွန်တော်တောင် မင်သက်သွားစေခဲ့တယ်။ ညီမလေးရယ် အချစ်ကို ဒီလောက်တောင် ကိုးကွယ်သတဲ့လားကွယ်။







No comments:

Post a Comment