Myanmar Calendar

Friday, December 9, 2011

ချယ်ရီမြေ (အပိုင်း-၁)


“ ညီမင်း......... ထပြီလား။ မင်းကလည်း အစောကြီး နိုးတာလား။ အရမ်းအေးတာ အိပ်အုံးမှပေါ့။ မင်းတို့ မြေပြန့်သားတွေက အအေးကို ကြောက်တယ်မလား။ ”

“ ရပါတယ်ကွ။ မင်းကလည်း ငါ့..........ဒီလောက်တာဘဲ နှစ်ရက်ရှိပြီး အခုထိ အလုပ်ကိုမလုပ်ရသေးဘူး။ ငါဒီမှာတော့ ကြာကြာမနေနိုင်ဘူးဟေ့။ အလုပ်ကိစ္စတွေ မြန်မြန်လုပ်ပြီး မြန်မြန်ပြန်မှရမယ်။ ငါကြာကြာနေရင် ငါ့သွေးခဲပြီး သေသွား နိုင်တယ်။ မင်းတို့ တောင်ပေါ်က အရမ်းအေးတော့ ငါနဲ့ဆို မကိုက်ဘူး။ ”

“ ဟားဟား......... အေးပါ...... မင်းအခုတော့ ပြောထားအုံးပေါ့။ မင်း...... နောက်မှ တောင်ပေါ်သူလေးတွေနဲ့ တွေ့ပြီး မောင်ကြီး မပြန်နိုင်ဖြစ်နေမယ်နော်။ ”

“ တော်ပါကွာ။ ငါ....... ဒီလောက်အေးတဲ့နေရာမှာတောင် မနေနိုင်ဘူးဟေ့။ ငါ..... တောင်ပေါ်သူလေးကို ကြိုက်မိရင်လည်း ငါတို့ မြေပြန့်ကိုဘဲ ခေါ်သွားမှာ။ ငါတော့ ဒီမှာမနေနိုင်ဘူး။ မင်းတို့မြို့က သာယာတာတော့ မှန်ပေမယ့် ငါမနေနိုင်ဘူးကွ။ အရမ်းအေးလွန်းတယ်။ ဆောင်းရာသီမဟုတ်လည်း အေးနေတာဘဲ။ ငါတော့ ဒီလိုမျိုးကို မကြိုက်ပါဘူးကွာ။ ”

“ အေးပါ.... ထားပါတော့ ။ အခုတော့ မြန်မြန်မျက်နှာသစ် ငါ့တို့ မနက်စာ သွားစားကြမယ်။ မင်း.....ဒီရောက်ကတည်း ငါ့အမေ ကျွေးတဲ့ ထမင်းဘဲစားနေရတာ။ မင်း.... ရှမ်းအစားအစာ မစားရသေးဘူး မလား။ ငါတို့ ဒီနေ့တော့ ရှမ်းအစား အစာ သွားစားကြမယ်။ ”

ဖိုးဇော်နဲ့ ကျွန်တော် အပြင်ထွက်လာလိုက်တယ်။ အိမ်ထဲမှာနေတော့ နည်းနည်းနွေးနေပေမယ့် အပြင်လည်း ထွက်လိုက်ရော ရင်ထဲကို စိမ့်သွားတာဘဲ။ ဒီလိုအေးတာကို ကျွန်တော် မကြိုက်ဘူး။ ကျွန်တော်တို့ မြေပြန့်က အမြဲ ပူနေလို့ ထင်ပါရဲ့။

ဖိုးဇော်က ကျွန်တော်ကို ဆိုင်တစ်ဆိုင်ခေါ်လာပါတယ်။ ကျွန်တော်တို့ ထိုင်လိုက်တာနဲ့ ကောင်မလေး တစ်ယောက်က လာပြီး “ ကိုကြီး ဖိုးဇော်...... ဘာလဲ ခါတိုင်းလိုဘဲလား။ ဖွေး...... ပြင်လိုက်တော့မယ်နော်။ ”

ဖိုးဇော်ကတော့ “ နေအုံး.....ဖွေး။ ငါ့....သူငယ်ချင်းပါတယ်။ သူဘာစားချင်လဲ မေးလိုက်အုံးမယ် ”

“ ညီမင်း...... မင်းဘာစားချင်လဲ။ ဒီဆိုင်မှာ ရှမ်းအစားအစာနဲ့ ပတ်သက်ပြီး အားလုံးရတယ်။ ထိုဖူးနွေးလား၊ ရှမ်းခေါက်ဆွဲလား။ မင်း....ဘာစားချင်လဲ။ ”

“ ရပါတယ်။ ထိုဖူးနွေးဘဲ လုပ်”

“ အဲ့လိုဆို ဖွေး..... ထိုဖူးနွေး နှစ်ပွဲနဲ့ ကြာကွေး ချလိုက်တော့မယ်နော်။ ကိုကြီး ဖိုးဇော် ”

“ အေး....... ကောင်းကောင်းလေးနော်။ ဖွေးလက်ရာ ဘယ်လောက်ကောင်းတယ်ဆိုတာ ဒီ..... မြေပြန့်သားကို လက်စွမ်းပြလိုက်။ ဒါမှ ဒီကောင်ကြီး မပြန်နိုင်မှာ။”

“ စိတ်ချ....စိတ်ချ။ ကောင်းကောင်း ပြင်ပေးလိုက်မယ်။ ”

ဖိုးဇော်နဲ့ ကောင်မလေး စကားတွေပြောနေပေမယ့် ကျွန်တော်ကတော့ ရှက်နေတယ်။ ဖိုးဇော်ကိုလည်း လက်သီး ထောင်ပြပြီး ကောင်မလေး မကြားအောင် “ မင်းနော်...... ငါ့ကို မစနဲ့။ နာတော့မယ်” လို့ တိုးတိုးလေး ကပ်ပြောလိုက်တယ်။ 

ဒါကို ကောင်မလေးက ကြားဖြစ်အောင်ကြားသွားသေးတယ်။ “ ကိုကြီးဖိုးဇော် .... သူငယ်ချင်းက ရှက်နေတယ် ထင်တယ် ”ဆိုပြီး ကျွန်တော်ကို သူတို့ နှစ်ယောက် ၀ိုင်းရီနေလေရဲ့”

No comments:

Post a Comment